မုံရွာ မတ် ၃၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းနှင့် မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရပ်ကွက်နေ ပြည်သူများ အလုပ်အကိုင် အခွင့် အလမ်းရရှိရေးအတွက် ရည်ရွယ်ကာ ဖွင့်လှစ်ခဲ့သော လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီ အချိန်က မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဖြိုးက အသေးစား စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမှာ ဖြစ်တဲ့ အတွက် ယခုသင်တန်း ဆင်းများအနေဖြင့် သင်တန်းမှ ရရှိလာသည့် ပညာရပ်တွေကို စိတ်ဝင်စားစွာဖြင့် မိမိတို့ရဲ့မိသားစု တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်လုပ်ကိုင်သွားကြပြီး အောင်မြင်သော လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစား သွားကြဖို့ တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက သင်တန်းနည်းပြ ဆရာမ (၄)ဦးအား အမှတ်တရ လက်ဆောင်ပစ္စည်းများကို လည်းကောင်း၊ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များကို လည်းကောင်း အသီးသီးလက်ဝယ်အရောက် ပေးအပ်ခဲ့ပြီးနောက် ရက်ကန်းနှင့်သက်မွေးပညာ သင်တန်းကျောင်း (မုံရွာ) ကျောင်းအုပ်ဆရာမကြီးက သင်တန်းသူများ ထုတ်လုပ်ထားရှိသော လူသုံးကုန်ပစ္စည်းများအား ပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူ တစ်ဦးက လက်ခံရယူခဲ့ပြီး ကျေးဇူတင်စကားများ ပြန်လည်ပြောကြားခဲ့ သည်။
စစ်ကိုင်းတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဖြိုး၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများ၏ လူသုံးကုန်ထုတ်လုပ်ထားရှိသည့် အဝတ်လျှော်ဆပ်ပြာရည်၊ ပန်းကန်ဆေး ဆပ်ပြာရည်၊ လက်ဆေးဆပ်ပြာရည်၊ ဆပ်ပြာခရင်၊ ရေချိုးဆပ်ပြာရည်၊ Shampoo၊ သဘာဝ ခေါင်းလျှော်ရည်၊ အမွှေးရည်၊ ကော်ဖီနနွင်းဆပ်ပြာခဲ၊ မန်ကျည်းဆပ်ပြာခဲ၊ ရှားစောင်းဆပ်ပြာခဲ ပစ္စည်းအမျိုးအစား (၁၁)မျိုးကို ကြည့်ရှုအားပေးခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ သင်တန်းတွင် မုံရွာမြို့နယ်အတွင်းရှိ စိတ်ပါဝင်စားသည့် သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်ကြပြီး အဝတ်လျှော်ဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ လက်ဆေး ဆပ်ပြာရည်၊ ဆပ်ပြာခရင်၊ ရေချိုးဆပ်ပြာရည်၊ Shampoo၊ သဘာဝခေါင်းလျှော်ရည်၊ အမွှေးရည်၊ ကော်ဖီနနွင်းဆပ်ပြာခဲ၊ မန်ကျည်းဆပ်ပြာခဲ၊ ရှားစောင်းဆပ်ပြာခဲ စသည့် ပြုလုပ်နည်းများကို သင်တန်းနည်းပြ ဆရာဆရာမများက မတ်လ ၂၇ ရက်နေ့မှ စတင်ပြီး မတ်လ (၃၁)ရက်နေ့အထိ သင်တန်းကာလ (၅)ရက် ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း (မုံရွာ) အနေဖြင့် ခရိုင်၊ မြို့နယ်အတွင်းရှိ ပြည်သူများ အလုပ်အကိုင် အခွင့်များ ရရှိနိုင်စေရန်နှင့် သက်ဆိုင်ရာ အဆင့်မြင့်ကျောင်းများနှင့် ချိတ်ဆက်၍လည်း စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ သီးနှံအခြေခံယိုမျိုးစုံ ထုတ်လုပ်မှုနည်းပညာ သင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ ချည်မျှင်နှင့် အထည်ကျွမ်းကျင်သူ တစ်နှစ်သင်တန်း၊ လက်ရက်ကန်း ခြောက်လသင်တန်းနှင့် မုန့်မျိုးစုံ၊ ဖျော်ရည်၊ ယိုစုံအမျိုးမျိုးထုတ်လုပ်မှု နည်းပညာပေး သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိ ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)