ဖားဆောင်းမြို့နယ်၊ မြို့မမူလတန်းကြိုကျောင်း၌ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဖားဆောင်း      မတ်         ၃၁

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် မြို့မကိုယ်ထူကိုယ်ထမူလတန်းကြိုကျောင်း၌ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာမြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်မြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပြီးဖြစ်၍ မိဘများအနေဖြင့်ကလေးငယ်များအား အခြေခံပညာကျောင်းများ၌ လာမည့်စာသင်နှစ်များတွင်(KG)တန်းသို့မဖြစ်မနေပို့သင့်ကြောင်း၊ စာသင်ကြားလိုစိတ်ရှိအောင် မိမိတို့သား၊ သမီးများကို ဆုံးမသွန်သင်၍ပညာကိုသင်ယူကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူ (၁၃)ဦးအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ကိုပေးအပ်ခဲ့ကြသည်။ ထို့နောက်ကျောင်းသား၊ ကျောင်းသူလေးများက ပဒေသာအကများဖြင့် သရုပ်ဖော်ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျောင်းကော်မတီနှင့်ဖိတ်ကြားထားသောတာဝန်ရှိသူများ၊ ကျောင်းသားမိဘများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)