မြိတ် မတ် ၃၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး၌ မီးသတိမူရေး၊ မီးဘေး ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ်ဖြစ်ပွားပါက မီးငြှိမ်းသတ်ရေးပစ္စည်းများဖြင့် ကနဦးငြှိမ်းသတ်နိုင်စေရေးအတွက် ယနေ့နံနက်ပိုင်းက မီးဘေးအန္တရာယ်ကာကွယ် ရေးမီးငြှိမ်းသတ်ပညာပေး သရုပ်ပြ၍ လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇင်ဦးချိုက မီးလောင်ရသည့် အကြောင်းအရင်းများ၊ မီးလောင်မှုဖြစ်ပွားပါက ကနဦးမီးငြှိမ်းသတ်ဆောင်ရွက်နိုင်သည့် နည်းလမ်းများနှင့် မီးသတ်ဆေးဗူးအသုံးပြု၍ မီးငြိမ်းသတ်ခြင်းများကို အသိပညာပေးရှင်းလင်းပြောကြားသည်။ ထိုနောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များကဂက်စ်မီးလောင်မှု ဖြစ်ပွားပါကငြှိမ်းသတ်နည်း၊ ဆီမီးလောင်မှုတွင် ရေစိုအဝတ်ဖြင့် မီးတောက်အား ဖုံးအုပ် ငြှိမ်းသတ်နည်းနှင့် မီးသတ် ဆေးဘူး အသုံးပြု၍ မီးငြိမ်းသတ်နည်းကို ပညာပေးသရုပ်ပြခဲ့ကြသည်။
ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက ဂက်စ်အိုးပိုက်ပေါက်၍ မီး လောင်မှုငြှိမ်းသတ်နည်းနှင့် ဆီမီးလောင်မှုများတွင် ရေစိုအဝတ်ဖြင့် မီးတောက်အား ဖုံးအုပ်ငြှိမ်းသတ်ခြင်းနှင့် မီးသတ်ဆေးဘူးအသုံးပြု၍ ငြှိမ်းသတ်ခြင်းကို လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါပညာပေး သရုပ်ပြလက်တွေ့ဆောင်ရွက်ခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝင်းစိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )