ပွင့်ဖြူ မတ် ၃၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စု၊ ကန်ရွာကျေးရွာတွင် ဒေသခံကျေးလက်နေ ပြည်သူများ နှစ်စဉ် နွေရာသီကာလ သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရ၍ အလှူရှင် ဦးမောင်မောင်ဌေး - ဒေါ်လွင်လွင်မြင့် (USA) မိသားစုနှင့် ဆွေမျိုးသားချင်းများက စုပေါင်းပြီး အလှူငွေမတည် လှူဒါန်းကာ ယမန်နေ့ နံနက်ပိုင်းက စတင်ပြီး လေးလက်မ စက်ရေတွင်း တူးဖော်လှူဒါန်းပေးလျက်ရှိကြောင်း အဆိုပါ ကျေးရွာနေပြည်သူများထံမှ သိရသည်။
ပွင့်ဖြူမြို့နယ် ကန်ရွာကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ကြပြီး နှစ်စဉ် နွေရာသီကာလများတွင် စက်ရေတွင်းမရှိသည့်အတွက် သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရ၍ ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ တစ်ကိုယ်တော်ပရဟိတအဖွဲ့မှ အကျိုးတော်ဆောင် ဦးကျော်ဆန်းက အွန်လိုင်းမှတစ်ဆင့် ချိတ်ဆက်၍ အကူအညီတောင်းခံခဲ့သဖြင့် အလှူရှင် ဦးမောင်မောင်ဌေး - ဒေါ်လွင်လွင်မြင့် ( USA ) မိသားစုနှင့် ဆွေမျိုးသားချင်းများက အလှူငွေကျပ် သိန်း ၅၀ မတည်လှူဒါန်းကာ ကျေးရွာနေပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် လေးလက်မ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းနှင့် ဂါလန် ၅၀၀၀ ဆံ့ ရေအုတ်ကန် တည်ဆောက်ခြင်းတို့ကို လှူဒါန်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် ကန်ရွာကျေးရွာမှာ စက်ရေတွင်းမရှိတဲ့အတွက် ကျေးရွာနေပြည်သူတွေ နွေရာသီ ရောက်ပြီဆိုရင် သောက်သုံးရေ အခက်အခဲ ဖြစ်ရပါတယ်။ ခုတော့ ကျွန်တော်တို့ ကျေးရွာနေပြည်သူတွေ သောက်သုံးရေ ဖူလုံစေရေးအတွက် စက်ရေတွင်းအလှူရှင်က အလှူငွေမတည်လှူဒါန်းပြီးတော့ မတ် ၂၉ ရက်နေ့ကစပြီး စက်ရေတွင်း စတင်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်။ အလှူရှင်ကတော့ ဦးမောင်မောင်ဌေး - ဒေါ်လွင်လွင်မြင့် (USA) မိသားစုနဲ့ ဆွေမျိုးသားချင်းတွေ စုပေါင်းပြီး လှူဒါန်းပေးတာ ဖြစ်ပါတယ်။ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်းအတွက် လိုအပ်တဲ့ငွေကိုတော့ ကျေးရွာပြည်သူလူထုထည့်ဝင်ငွေနဲ့ ဖြည့်ဆည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ယခုလို သောက်သုံးရေ အမှန်တကယ် လိုအပ်တဲ့ကျေးရွာတွေကို စက်ရေတွင်း တူးဖော်လှူဒါန်းပေးတဲ့ အလှူရှင်မိသားစုနှင့်တကွ စက်ရေတွင်းအလှူရှင်ရရှိအောင် အကျိုးဆောင်ပေးတဲ့ ညောင်ပင်စောက်ကျေးရွာက တစ်ကိုယ်တော်ပရဟိတ အကျိုးတော် ဆောင် ဦးကျော်ဆန်းကိုလည်း ကျေးရွာနေပြည်သူများကိုယ်စား ကျေးဇူးတင်ပါတယ်” ဟု ပွင့်ဖြူမြို့နယ် ကန်ရွာကျေးရွာမှ ဒေသခံပြည်သူတစ်ဦးက ပြောသည်။
ပွင့်ဖြူမြို့နယ် ကျွဲတံခါးကျေးရွာအုပ်စု၊ ကန်ရွာကျေးရွာသည် အိမ်ခြေ ၅၉ အိမ်၊ လူဦးရေ ၃၀၀ ခန့် နေထိုင်လျက်ရှိကြောင်း သိရကာ ယခုနှစ်တွင် အလှူရှင်မှ လေးလက်မစက်ရေတွင်းနှင့် ဂါလန် ၅၀၀၀ ဆံ့ ရေလှောင်အုတ်ရေကန် လာရောက် လှူဒါန်းဆောင်ရွက်ပေးသဖြင့် နှစ်စဉ် ကြုံတွေ့နေရသည့် သောက်သုံးရေ ရှားပါးမှုအခက်အခဲများ ပြေလျော့ သက်သာစေမည်ဖြစ်၍ အဓိက စီးပွားဖြစ် လုပ်ကိုင်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို စိတ်အေးချမ်းသာစွာ လုပ်ကိုင်ဆောင်ရွက်နိုင်တော့မည်ဖြစ်ရာ ကျေးရွာနေပြည်သူများ ဝမ်းသာပျော်ရွှင်လျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ တစ်ကိုယ်တော်ပရဟိတအကျိုးတော်ဆောင် ဦးကျော်ဆန်း ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )