ပန်းတောင်းမြို့နယ်၌ မဟာသဒ္ဓမ္မဇောတိကဓဇပူဇော်ပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနားကျင်းပ

ပန်းတောင်း မတ် ၃၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မဟာသဒ္ဓမ္မဇောတိကဓဇ ပူဇော်ပွဲနှင့် ပါဠိပထမပြန်စာမေးပွဲ စာအောင်ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်၊ သီလရှင်ကြီးနှင့် (၅)ထပ် ကွမ်းသာမဏေကျော်တို့အား ပင့်ဆောင်ခဲ့ကြောင်းသိရသည်။

ထို့နောက်မြို့နယ် သံဃနာယကဥက္ကဋ္ဌ ထုံးဘိုကိုးတောင်ဆရာတော်ကြီး ဘန္နန္တပဏ္ဍိဓမှ သြဝါဒကထာချီးမြင့်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဘဒ္ဒန္တဝိဇယ၊ မဟာသဒ္ဓမ္မ ဇောတိကဓဇတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက ဘွဲ့တံဆိပ်တော်များ ချီးမြှင့်၍လည်းကောင်း၊ ဗိုလ်ကြီးမျိုးကိုကိုသန့်က အဆောင် အယောင်တံဆိပ်များ ချီးမြှင့်၍လည်းကောင်း၊ ဒေါ်ဉာဏစာရီ၊ မဟာသဒ္ဓမ္မဇောတိက ဓဇတို့အား မြို့နယ်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်မြတ်စန္ဒာက ဘွဲ့တံဆိပ်တော်များ ချီးမြှင့်၍လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသင်းကအဆောင်အယောင်တံဆိပ်များ ချီးမြှင့်၍ လည်းကောင်း၊ မြို့နယ်သာသနာရေးမှူး ဦးကျော်ဝင်း၊ မြို့နယ် ဒုရဲမှူးမျိုးဝင်း၊ မြို့နယ်စီမံကိန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မိမိတို့က အောင်လက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး(ပြန်/ဆက်)