ဘိုကလေး မတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃ခုနှစ် မတ်လအတွက် MCCT အစီအစဉ်ဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးများအား ငွေကြေးထောက်ပံ့ပေးအပ်ပွဲ ကို ယနေ့ နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ယခုထောက်ပံ့ပေးအပ်သည့် ငွေကြေးများ သည် ကလေးငယ်များ ဉာဏ်ရည် ဖွံ့ဖြိုးရေးနှင့် အာဟာရပြည့်မီရေး၊ ထူးချွန်ထက်မြက်သည့် လူရည်ချွန်များ ပေါ်ထွန်းလာစေရေး၊ ကိုယ်ဝန်ဆောင်များ အနေဖြင့်လည်း ကျန်းမာရေး စောင့်ရှောက်မှု ခံယူနိုင်ရန် အထောက်အပံ့ ဖြစ်စေရေးအတွက် ပေးအပ်ခြင်းဖြစ် ကြောင်း အမှာစကား ပြောကြားသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ထံသို့ အဆိုပါ ထောက်ပံ့ ငွေများအား လွှဲပြောင်းပေးအပ်ခဲ့ပြီး ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များမှ မိမိတို့အပိုင် ရပ်ကွက်၊ ကျေးရွာအလိုက် ကာယကံရှင်များ၏ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်အနေဖြင့် ထောက်ပံ့ငွေပေးအပ်ရသည့် ကိုယ်ဝန်ဆောင် ဦးရေ (၃၃၉၃)ဦး၊ (၂)နှစ်အောက် ကလေးငယ် (၂၇၃၃)ဦး စုစုပေါင်း (၆၁၂၆) ဦးရှိပြီး ကိုယ်ဝန်ဆောင် (သို့မဟုတ်) ကလေးတစ်ဦးလျှင် ထောက်ပံ့ငွေ(၁၅၀၀၀)ကျပ် ပေးအပ်ရပြီး ယခုမတ်လ အတွက် စုစုပေါင်းထောက်ပံ့ငွေ (၉၁၈၉၀၀၀၀) ကျပ်ရှိကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
မိုးစက်(ဘိုကလေး)