ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၃) ကျင်းပပြုလုပ်

ပဲခူး မတ် ၃၁

ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၃)ကို ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများစွာရရှိရေးအတွက် စက်ရုံအလုပ်ရုံများ ရင်းနှီးမြှုပ်နှံမှုတိုးခြင်း၊ စက်ရုံအသစ်များ တည်ဆောက်ခြင်းနှင့် CMP လုပ်ငန်းများတိုးပွားလာစေရေး ဥပဒေ၊ ညွှန်ကြားချက်များနှင့် အညီ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းမှု၏ အခွင့်အရေးကောင်းကို အမှီပြုပြီး လစဉ်ရင်းနှီးမြှုပ်နှံမှုများတိုးတက်လာ၍ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွက်လာကာ ဒေသခံပြည်သူများ၏လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ပေးနိုင်ခဲ့ကြောင်း၊ ထပ်မံ၍လည်း ပြည်တွင်း/ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး စီစဉ်ဆောင်ရွက်သွားရန်လိုအပ်သလို MSMEs လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်စေရေး ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီဆောင်ရွက်မှုများ အရှိန်အဟုန်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ကုန်ကြမ်းပစ္စည်းများ တင်သွင်းခြင်းနှင့် ဓာတုပစ္စည်းများ သိုလှောင်သုံးစွဲရာတွင် သတ်မှတ်ထားသည့် နည်းလမ်းများအတိုင်း ဆောင်ရွက်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေး အထူးသတိပြုရန် လိုအပ်ကြောင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ငွေများနှင့် ချေးငွေများ အပြည့်အဝရရှိရေး ပြန်လည် ကောက်ခံရန်လိုအပ်ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများသည် နိုင်ငံခြားဝင်ငွေရရှိပြီး တိုင်းပြည်အတွက် အလွန်အကျိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ်၍လိုအပ်သည့် အခက်အခဲများကို ဌာနဆိုင်ရာများမှ ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်းနှင့် နွေရာသီရောက်ရှိ လာပြီဖြစ်၍ စက်မှုဇုန်များ၊ စက်မှုနယ်မြေများအလိုက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေးလုပ်ငန်းများ၊ ဇာတ်တိုက်လေ့ကျင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

    ထို့နောက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုလတ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြစ်သည့် Jagon Beauty Co., Ltd၏ ကုန်ကြမ်းပစ္စည်း ထပ်မံတိုးချဲ့ တင်သွင်းခွင့်ကိုလည်းကောင်း၊ Sun Good Garments Co., Ltd၏ စက်ရုံ တည်ဆောက်ရေးကာလ သက်တမ်း တိုးခြင်းကိုလည်းကောင်း၊ Myanmar Shwekyin Solar Power Co.,Ltd၏ စက်ရုံတည်ဆောက်ရေးကာလ သက်တမ်းတိုးခြင်းကို လည်းကောင်း Power Point ဖြင့် အသေးစိတ်တင်ပြခဲ့ရာ၊ တက်ရောက်လာသည့် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့မှုပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ()ရက်နေ့မှ ယနေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁၇၃.၇၈၃) သန်း၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ကျပ်(၇၅၂၃၅.၇၇၅)သန်း တိုးတက်ဝင်ရောက်ခဲ့ပြီး ဒေသခံပြည်သူ(၈၄၅၈)ဦးအား အလုပ်အကိုင် အခွင့် အလမ်း ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)