ဖျာပုံ မတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ နွေရာသီ အားလပ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို တန်ဖိုးရှိရှိ အသုံးချတတ်စေရန် ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာ သင်တန်း အခမဲ့ဖွင့်လှစ်သင်ကြား ပေးလျက်ရှိပြီး သင်တန်းဆင်းပွဲကို ယမန်နေ့ နေလယ်ပိုင်း အချိန်က အဆိုပါရုံးခန်းမတွင် ကျင်းပ ပြုလုပ်သည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးက သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းဆရာ အငြိမ်းစား ကျောင်းအုပ် ဆရာကြီး ဦးကျော်မြင့်က ယခုသင်ကြားပေးခဲ့သည့် အခြေခံအင်္ဂလိပ်စာများကို ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အခြေခံအလွယ်တကူ တတ်မြောက် သွားအောင် သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခြေခံသင်တန်းအား ပျက်ရက်မရှိ တက်ရောက်ပေးကြသော သင်တန်းသား/သူ များအား ကျေးဇူးတင်ကြောင်း ပြောကြားသည်။
ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အခြေခံအင်္ဂလိပ်စာသင်တန်း ကို မတ်လ ၂၀ ရက်နေ့မှ ၃၀ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၃၂)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)