နတ်မောက် မတ် ၃၁
အညာဒေသမှာရှိတဲ့ တောင်သူများသည် မိမိတို့၏ ယာမြေဥယျာဉ်ခြံများတွင် မြေအောက် ရေသွင်းခြင်းဖြင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ကိုင်သူများရှိသလို လုပ်ခနေ့စားမိသားစုများအနေဖြင့် အရင်းအနှီးမလိုတဲ့ သဘာဝသစ်ဥသစ်ဖုများကို ရာသီအလိုက် ဆွတ်ခူးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေအဆင်ပြေလျက်ရှိကြောင်း သိရသည်။
“ကျွန်မအနေနဲ့ ရာသီအလိုက် အသီးအနှံများကို ခူးယူရောင်းချနေပါတယ်၊ သဘာဝအလေ့အကျ ပင်များမှ ထွက်ရှိလာတဲ့ အပွင့်၊ အသီး၊ အရွက်များဖြစ်တဲ့ သရက်ကင်း၊ ထန်းသီးဆံ၊ ကုက္ကိုရွက်၊ ပေါက်ပန်းဖြူ၊ ပေါက်ပန်းနီ၊ မယ်ဇလီဖူးများကို ခူးယူရောင်းချပါတယ်၊ ခုဆိုရင် သရက်ကင်းနဲ့ ထန်းသီးဆံများရောင်းချပါတယ်၊ သရက်ကင်း (၁၀)လုံးကို (၅၀၀)ကျပ်နဲ့ရောင်းချရသလို ထန်းသီးဆံ ကိုလည်း (၁၀)ဆံ (၅၀၀)နဲ့ လက်လီရောင်းချပါတယ်၊ အဲဒီလိုရောင်းချရတဲ့အတွက် တစ်ရက်ကို ပျမ်းမျှဝင်ငွေ (၁၀၀၀၀/ ၁၂၀၀၀) ကျပ်ရရှိပါတယ်၊ သရက်ကင်းများကိုတော့ သင်္ကြန်မတိုင်ခင်အထိ ခူးယူရောင်းချမှာဖြစ်ပြီး သင်္ကြန်အပြီး ကဆုန်လရောက်ရင်တော့ ရင့်မှည့်အောင်ထား၍ အမှည့် များကို ခူးယူရောင်းချသွားမှာဖြစ်ပါတယ်၊ ထန်းပင်ကနေ ထန်းသီးဆံများကို ခုတ်ယူရောင်းချနိုင်သလို ထန်းရည်၊ ထန်းရွက်၊ ထန်းလျက်များကိုလည်း ရောင်းချပါတယ်၊ အဲဒါကြောင့် ခုလိုနွေရာသီမှာဆိုရင် သဘာဝမှရရှိတဲ့ အသီးအရွက်များကို ရာသီအလိုက်ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိပါတယ်” ဟု ဖလန်ပင်ကျေးရွာမှ ရာသီစာရောင်းချသူတစ်ဦးက ပြောသည်။
မူမူစန်း