တောင်ငူ မတ် ၃၁
ကျောင်းသား၊ ကျောင်းသူများနွေရာသီအားလပ်ချိန်များ၌ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တောင်ငူခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပူးပေါင်းဖွင့်လှစ်ခဲ့သည့် ရှေးဦးပြုစုခြင်း(အခြေခံ) အခမဲ့သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာတောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက သင်တန်းဆင်းအမှာစကားပြောကြားသည်။ ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးနှင့် တောင်ငူမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတိယမြို့နယ်တပ်ဖွဲ့မှူး ဒေါ်သီတာထွေးတို့က သင်တန်းသားများအား သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ခဲ့ကြသည်။
အဆိုပါ သင်တန်းကို ၂၈-၃-၂၀၂၃ ရက်နေ့မှ ၃၀-၃-၂၀၂၃ ရက်နေ့အထိ (အခမဲ့)ဖွင့်လှစ်သင်ကြားခဲ့ခြင်းဖြစ်ပြီး အလယ်တန်းနှင့်အထက်တန်းအဆင့် သင်တန်းသား၊ သင်တန်းသူ(၃၃)ဦး တက်ရောက်သင်ကြားခဲ့ကြောင်းနှင့် သင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာ၊ ရှေးဦးပြုစုခြင်းသဘောတရားအတွေးအခေါ်များ၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ ဒဏ်ရာအမျိုးမျိုးနှင့်သွေးယိုစီးခြင်းကိုပြုစုခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ မူးမေ့ခြင်းနှင့် သတိလစ်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါများကိုက်ခြင်းနှင့် တုပ်ခြင်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ရိုးဆက်ကြောနှင့် ကြွက်သားများထိခိုက်ဒဏ်ရာရခြင်း၊ လူနာကိုင်တွယ်ခြင်းနှင့်သယ်ဆောင်ခြင်း၊ အခြေခံအသက်ကယ်အထောက်အကူပြုနည်းစသည့် ဘာသာရပ်တို့ကို စာတွေ့လက်တွေ့သင်ကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)