မြောင်းမြ မတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ကျောင်းသားလူငယ်များအနေဖြင့် နေ့ထူးနေ့မြတ် အထိမ်းအမှတ် အခမ်းအနားပွဲများတွင် အခမ်းအနားမှူးကောင်း တစ်ယောက်အဖြစ် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်တတ်စေရန်၊ အရည်အချင်း ပြည့်ဝတဲ့ အခမ်းအနားမှူးကောင်း တစ်ယောက်ဖြစ်စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချပြီး လူငယ်များ အတတ်ပညာတစ်ခု တတ်မြောက်စေရန် ရည်ရွယ်၍ အထောက်အကူပြုသင်တန်း ဖြစ်သည့် အခမ်းအနားမှူးသင်တန်း ကို ဖွင့်လှစ်ခဲ့ရာ သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်း က အဖွင့်အမှာစကား ပြောကြားပြီး၊ သင်တန်း နည်းပြ အ.ထ.က (၆)မှ အငြိမ်းစားအထက်တန်းပြ ဆရာမ ဒေါ်တင်တင်ဌေးမှ အရည်အချင်း ပြည့်ဝတဲ့ အခမ်းအနားမှူးကောင်း တစ်ယောက်ဖြစ်ရန် လိုက်နာရန်အချက်များကို ဆက်လက် မှာကြားခဲ့သည်။ ဆက်လက်၍ သင်တန်းသား သင်တန်းသူများက အခမ်းအနားမှူးအဖြစ် လက်တွေ့ဆောင်ရွက်ပြသကြပြီးနောက် သင်တန်းဆရာမ အား အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို မတ်လ (၂၄) ရက်မှ (၃၀) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၄)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာလင်း(မြောင်းမြ)