ဆောင်းသီးနှံနေကြာများ စတင်ရိတ်သိမ်းချိန် စျေးကောင်းရရှိ

ခါမ်းပါတ် မေ ၃၁

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် မိုးစပါးများရိတ်သိမ်းပြီးပါက သီးထပ်အဖြစ်စျေးကွက်ပိုမိုရရှိနိုင်မည့် သီးနှံများကို ရွေးချယ်စိုက်ပျိုးလာကြပြီဖြစ်သည်။

ထိုသို့စိုက်ပျိုးကြရာတွင် နေကြာဆီထွက်သီးနှံကို အဓိကထားစိုက်ပျိုးကြကြောင်းသိရသည်။ လက်ရှိတွင်မူ နေကြာများစတင်ရိတ်သိမ်းနေကြပြီဖြစ်ပြီး နေကြာတစ်တင်းလျှင်ငွေကျပ် (၃၈၀၀၀) ထိ စျေးကောင်းရလျက်ရှိကြောင်း သိရသည်။

နေကြာဆီထွက်သီးနှံသည် စိုက်ပျိုးစရိတ်သက်သာခြင်း၊ရေငတ်ဒဏ်ခံနိုင်ခြင်း ၊ရောဂါပိုးမွားကျရောက်မှုမရှိသလောက်ဖြစ်ခြင်းတို့ကြောင့် တောင်သူများအနေဖြင့် ပိုမိုစိုက်ပျိုးကြခြင်းဖြစ်ကြောင်းလည်းသိရသည်။ အဆိုပါ နေကြာသီးနှံသည် အောင်မြင်ဖြစ်ထွန်းပါကတစ်ဧကလျှင် တင်းနှစ်ဆယ်ဝန်းကျင်ခန့် ထွက်ရှိနိုင်ကြောင်းလည်းသိရသည်။

ဒေသခံတောင်သူအများစုအနေဖြင့် သီးထပ်သီးနှံများစိုက်ပျိုးရာတွင် အခြားသီးနှံများဖြစ်သည့် မှုန်ညှင်း၊ မြေပဲ၊ ဂျုံနှင့် အခြားသီးနှံများကိုလည်း အနည်းအကျဉ်းစိုက်ပျိုးလုပ်ကိုင်လျက် ရှိကြကြောင်းသိရသည်။

သားငယ် (ခါမ်းပါတ်)

ဦးအောင်နိုင်ဝင်း