နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် စစ်ကြောင်းကြီး( ၅ )ကြောင်းဖြင့် ရပ်ကွက်နေပြည်သူများအား ကွင်းဆင်းဟောပြောဆွေးနွေး

လွိုင်ကော် မတ် ၃၁


လွိုင်ကော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းပါဝင်သော အုပ်ချုပ်ရေးစစ်ကြောင်း၊ နိုင်ငံရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်ကြောင်း  နှင့် ဒေသဖွံ့ဖြိုးရေးစစ်ကြောင်း စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ရပ်ကွက်/ကျေးရွာရှိ ပြည်သူများအား တွေ့ဆုံဟောပြောဆွေးနွေးခြင်းကို ယမန်နေ့နံနက်(၉)နာရီအချိန်က လွိုင်ကော်မြို့၊ ဒေါဉခူရပ်ကွက်ရှိ ဘုန်းကြီးကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ လွိုင်ကော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဇော်မိုးထွန်း က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ နိုင်ငံတော်၏လက်ရှိအခြေအနေနှင့်  ဒေသနေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် ဌာနဆိုင်ရာများစုပေါင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရန် ကွင်းဆင်းလာရောက်ခြင်းဖြစ်ပါကြောင်း၊ ပြည်သူလူထုများမှလည်း မိမိတို့၏လိုအပ်ချက်များနှင့်စပ်လျဉ်း၍ ပါဝင်ဆွေးနွေးပေးကြစေလိုကြောင်း၊  သက်ဆိုင်ရာဌာနများမှ လိုအပ်ချက်အလိုက်  ပေါင်းစပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမျိုးကျော်က နိုင်ငံရေးဖြစ်စဉ်အဆင့်ဆင့် ပြောင်းလဲလာမှု အခြေအနေများကိုလည်းကောင်း၊  စစ်ကြောင်းကြီး(၅)ကြောင်းတွင်ပါဝင်သော ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူတို့ကမိမိတို့ဌာနအလိုက် ပြည်သူလူထုနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် အကြောင်းအရာများအားလည်းကောင်း အသေးစိတ်ရှင်းလင်း ဟောပြောဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများအား ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း ၊ သက်ဆိုင်ရာဌာနများအလိုက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)