ဟင်္သာတ မတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်တွင် MSMEs ထုတ်ကုန်ပြပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင် အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အတွင်းရှိဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ၊ ဟင်္သာတမြို့ပေါ်ရှိ လုပ်ငန်းရှင်များ ပါဝင်၍ ယမန်နေ့ မွန်းလွဲ ၃ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသထုတ်ကုန်များနှင့် ပတ်သက်၍ ပြပွဲခင်းကျင်းပြသလိုကြောင်း၊ ၇၈ နှစ်မြောက် တပ်မတော်နေ့တွင် ကျုံပျော်ခရိုင်မှ MSMEs ထုတ်ကုန်ပြပွဲကို ပြခန်းများ ခင်းကျင်းပြသခဲ့သလို ဟင်္သာတခရိုင်တွင်လည်း စည်စည်ကားကားဖြစ်အောင် ကျင်းပလိုပါကြောင်း၊ MSMEs လုပ်ငန်း များကို နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးအစိုးရက အလေးထား အားပေးကူညီဆောင်ရွက် လျက်ရှိကြောင်း၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် မိမိတို့ ထုတ်ကုန်ပစ္စည်းများကို ယခုလို ကုန်စည်ပြပွဲများ ခင်းကျင်း ပြသခြင်းဖြင့် စျေးကွက်စီးပွားရေး စနစ်ဖော်ဆောင်နိုင်ရေးကို ထောက်ကူပြုပေးနိုင်သလို ပြပွဲကာလအတွင်း ထုတ်ကုန်များနှင့် ပတ်သက်၍ အရောင်းမြှင့်တင်ခြင်းကိုလည်း ဆောင်ရွက်နိုင်ပါကြောင်း၊ ဒေသလုပ်ငန်းရှင်များ အနေဖြင့် ပြပွဲတွင်ပါဝင်ပြသ နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်၊ လုပ်ငန်းရှင်များ၏ အခက်ခဲနှင့် လိုအပ်ချက် များကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် အမှာစကားပြောကြားပါသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ယခင် ပြခန်းများ ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများနှင့် ယခုမိမိဒေသ တွင် ပြသနိုင်မည့် အခြေအနေများကို ဆွေးနွေးကြသည်။
ထို့နောက် MSMEs ထုန်ကုန်ပြပွဲကျင်းပနိုင်ရေးအတွက် ဧပြီလ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ ၃ ရက်လျာထားသတ်မှတ်ပြီး၊ ပြခန်း ပေါင်း ၂၁ ခန်းပါဝင်ပြသရန် ပဏာမညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)