ကန့်ဘလူ မတ် ၃၁
ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး ခန်းမတွင် စားကျက်မြက်စိုက်ခင်း ထူထောင်ခြင်းနှင့် မြက်ချဥ်ဖတ် ပြုလုပ်နည်းသင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၄ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
“ဒီသင်တန်းကို မွေးမြူရေးတောင်သူတွေအနေဖြင့် တိရစ္ဆာန်စားကျက်များ ထူထောင် စိုက်ပျိုးတတ်သည့် အလေ့အကျင့်များရရှိစေရန်၊ အာဟာရပြည့်ဝသော တိရစ္ဆာန်အစာများ စိုက်ပျိုးတတ်သည့် အလေ့အထများရရှိစေရန်၊ တိရစ္ဆာန်အစာ ရှားပါးမှုပြဿနာများ ဖြေရှင်းနိုင်စေရန်နဲ့ အစာများ ပိုလျှံလာစေရန် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါတယ်” ဟု ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်ဝင်းက ပြောသည်။
အဆိုပါ သင်တန်းကို နေ့စဥ်နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ နေဗီယာမြက်စိုက်ပျိုးနည်း၊ မွန်ဗားဆားမြက်၊ ရူဇီမြက်၊ မူလတိုမြက်၊ နှံစားပြောင်းနှင့် မြက်ချဥ်ဖတ်ပြုလုပ်နည်း ဘာသာရပ်များကို မတ် ၂၆ ရက်မှ ၃၀ ရက်ထိ ငါးရက်ကြာစာတွေ့လက်တွေ့ သင်ကြား ပို့ချခဲ့ကြောင်းနှင့် သင်တန်းသို့ ရပ်ကွက်၊ ကျေးရွာများမှ မွေးမြူရေးတောင်သူ သင်တန်းသား ၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နွားစာချဥ်ဖတ်ပြုလုပ်ခြင်းဆိုသည်မှာ နွေရာသီ ကျွဲ၊ နွား အစားအစာရှားပါးချိန်တွင် အာဟာ ရကြွယ်ဝသော အစားအစာအဖြစ် ကျွေးမွေးရန် ပိုလျှံသော စိုက်ပျိုးသီးနှံများကို စနစ်တကျ ထိန်းသိမ်းသိုလှောင်သော နည်းစနစ်ဖြစ်သည်။ နွားစာချဥ်ဖတ်ကျွေးခြင်းအားဖြင့် နို့ညှစ်နွားမ နို့ထုတ်လုပ်မှု မြင့်မားလာခြင်း၊ နို့စားနွား ငယ်များတွင် ကြီးထွားနှုန်းမြင့်တက်လာခြင်း၊ ခိုင်းကျွဲနွားများတွင် လုပ်အားစွမ်းအင်တိုးတက်မြင့်မားလာခြင်း၊ အသားတိုးနွားများတွင် အသားထွက်နှုန်း မြင့်မားလာစေခြင်း၊ အစာ၏ အရသာနည်းပါးသော အပိုင်းများသည်လည်း ပိုအရသာကောင်းမွန်လာခြင်းဖြင့် ကောင်းနိုးရာရာ အပိုင်းများကိုသာ ရွေးချယ်စားနိုင်ခြင်းမရှိပဲ အကောင်းအဆိုး သမစွာ စားနိုင်ခြင်း၊ ကာလအတော်ကြာ ထိန်းသိမ်းသိုလှောင်ထားနိုင်ခြင်း၊ မိုးရာသီ၌ ပြုလုပ်နိုင်ခြင်း၊ ကုန်ကျစရိတ်နည်းပါးခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမှာဖြစ်ပြီး စားကျက်မြက်စိုက်ခင်းများ ထူထောင် စိုက်ပျိုးခြင်းဖြင့် အစာရှားပါးမှု ပြဿနာများကိုလည်း ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
ကန့်ဘလူခရိုင်အတွင်း မွေးမြူရေးတောင်သူများမှ တစ်ပိုင်တစ်နိုင် မြက်စိုက်ဧက ၁၅၁ ဧကကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြတ်လင်းထံမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)