စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အဂတိလိုက် စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း ဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားတက်ရောက်

မုံရွာ မတ် ၃၀

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်း ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ ဌေးအောင်နှင့် အဖွဲ့ဝင်များ၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘို ခရိုင်၊ မုံရွာခရိုင်၊ ခန္တီးခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဂတိလိုက်စားမှုများကြောင့် လူတစ်ဦး ချင်းစီ၏ အကျင့်စာရိတ္တများ ပျက်စီးလာပြီး မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်၊ ကိုယ်ရည် ကိုယ်သွေးများ ကျဆင်းလာပြီး နိုင်ငံတော်အနေဖြင့်လည်း ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်း၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား အဟန့်အတားဖြစ်စေခြင်း၊ ပြည်သူများအကြား ဆင်းရဲချမ်းသာ ကွာဟမှုများခြင်း၊ ပြည်သူလူထု၏ ယုံကြည်မှုလျော့ကျ စေခြင်းတို့အပြင် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှုကြီး တစ်ခုလုံးအား ယိုယွင်းပျက်စီးစေနိုင်ပါ ကြောင်း၊

နိုင်ငံ့ဝန်ထမ်းဆိုသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား ယုံကြည်မှုတည်ဆောက်ရာတွင် အရေးပါသည့် ပေါင်းကူးတံတားသဖွယ် ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနဖြင့် အများပြည်သူ ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြောင့်မတ်တည်ကြည် မှုရှိရန်၊ တာဝန်ယူ/ တာဝန်ခံမှုရှိရန်၊ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်၊ ကျောသားရင်သား မခွဲခြားဘဲ မျှတစွာ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် တစ်ခုအား အကောင်အထည်ဖော် တည်ဆောက်ရ မှာဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုများအား စုံစမ်းစစ်ဆေးအရေးယူ ဆောင်ရွက်ရာတွင် မျက်နှာကြီးငယ် မလိုက်၊ ဆူကြုံနိမ့်မြင့်မရွေး တိတိကျကျ၊ မှန်မှန်ကန်ကန် ဆောင်ရွက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးအား ဘက်စုံထောင့်စုံမှ ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အသိအမှတ် ပြုပါကြောင်း၊ အဂတိလိုက်စားမှုအား တိုက်ဖျက်ရာတွင် အဂတိလိုက်စားမှုအား လုံးဝလက်သင့် မခံသည့် လူမှုအသိုက်အဝန်းတစ်ခု ပေါ်ပေါက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထု အားလုံး လက်တွဲညီညီ ပါဝင်ဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြင့် အဂတိလိုက် စားမှုတိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့်အသိအမြင်များ တိုးပွားလာမှာဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး နှင့်စပ်လျဉ်းသည့် အသိအမြင်ဗဟုသုတများအား မိမိမှတစ်ဆင့် မိမိပတ်ဝန်းကျင်၊ မိမိအဖွဲ့အစည်းသို့ ပြန်လည်မျှဝေပေးကြ ရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် ပါဝင်လာကြစေရန် မိမိကစပြီး အဂတိလိုက်စားမှုအား ငြင်းဆိုဖို့တိုက်တွန်းလိုပါ ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ ဌေးအောင်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှုများအား Online စနစ်ဖြင့် ရှင်းလင်းပြောကြားပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆောင်ရွက်ချက် Video Clip အား ပြသခဲ့သည်။

ဆက်လက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးထိန်လင်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက အဂတိလိုက်စားမှု သဘောသဘာဝများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။

ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ညွှန်ကြားရေးမှူး ဒေါ်အေးမြတ်မွန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့် ပတ်သက်၍ လည်းကောင်း၊ ညွှန်ကြားရေးမှူး ဦးရဲထက်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စုံစမ်းစစ်ဆေးရေး ကဏ္ဍများနှင့် ပတ်သက်၍ လည်းကောင်း Power Point များဖြင့် ရှင်းလင်းပြောကြားကြသည်။

ဆက်လက်၍ အခမ်းအနားတွင် ဆွေးနွေးပေးခဲ့သည့် ရှင်းလင်းချက်များနှင့် ပတ်သက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော တိုင်းဒေသ ကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ပြန်လည်ဆွေးနွေး ပြောကြားကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၉ ဦး၊ တိုင်းဒေသကြီး အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ဝင် ၂၁ ဦး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ ၁၀၄ ဦး၊ Video Conferencing စနစ်ဖြင့် ခရိုင်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင် ၉  ဦး၊ စုစုပေါင်း ၂၇၉ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်