ကျိုက်လတ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ကျိုက်လတ် မတ် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို  ယနေ့နံနက် (၉)နာရီခွဲက ကညင်ချောင်းကျုံဖား ကျေးရွာအုပ်စု၊  မရမ်းဂွ ကျေးရွာ အ-ထ-က(ခွဲ)၊ ကျောက်စိမ်းဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲမင်း၊ အဖွဲ့ဝင်(၂)ဦးစိန်မြင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒ လုပ်ငန်းစဉ်များအား ရှင်းလင်းခြင်း၊ နိုင်ငံသားတိုင်း တာဝန်ရှိသည့် ဒို့တာဝန်အရေးသုံးပါးကို လေးစားလိုက်နာကြရန်၊ သဘာဝဘေး အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ စာသင်ကျောင်းများ မီးဘေးအန္တရာယ်လုံခြုံရေး၊ ကျောင်းနေအရွယ် ကလေးများ ကျောင်းတက်ရောက်နိုင်ရေး၊  ကျေးရွာစာကြည့်တိုက်များတွင် ဗဟုသုတရမည့် စာအုပ်များထားရှိပြီး ဖတ်စေလိုကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များ မိမိကလေးများအား အထူးဂရုစိုက်ရန်၊ ကလေးငယ်များအား ကာကွယ်ဆေး များထိုးကြရန်၊ ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေးများအား ထိုးနှံကြရန်၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်းများနှင့်အညီ မော်တော်ယာဥ်၊  ဆိုင်ကယ်များ စနစ်တကျ စီးနင်းကြရန်၊ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရေး၊ မိမိနေအိမ် ပတ်ဝန်းကျင် သန့်ရှင်းရေး ရပ်ရွာရှိ ခြုံနွယ်များရှင်းလင်းရေး၊ ကျေးရွာအတွင်း မလိုလားအပ်သော ကိစ္စရပ်များ မဖြစ်စေရန် ဧည့်စာရင်းများ စနစ်တကျတိုင်ကြားရန်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက စနစ်တကျ စိစစ်ဆောင်ရွက်ကြရန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးမှုအခြေအနေ၊ အိမ်ထောင်စုစာရင်း ပုံစံ(၆၆/၆) ပြုလုပ်ပေးမှုအခြေအနေ၊ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင် စိစစ်ပေးနေမှုအခြေအနေ၊ တယ်လီဖုန်းဆင်းကဒ်များ တရားဝင်မှတ်ပုံတင်ပြီး စနစ်တကျ သုံးစွဲကြရန်၊  နိုင်ငံတော်ကဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသည် များကို တရားဝင်ထုတ်လွှင့်နေသည့် MRTV ၊ MWD တို့ကို ကြည့်ရှုပါမှ အမှန်ကို သိရှိမည် ဖြစ်ကြောင်း၊ တရားမဝင်ထုတ်လွှင့်နေသည့် သတင်းများကို ကြည့်ရှုပြီး လမ်းမှားမရောက်စေလိုကြောင်း၊ အခွန် (၄)မျိုး ပြေကြေစွာဆောင်ရွက်နိုင်ရေး၊ သွင်းအားစုများအား စနစ်တကျ ပေးသွင်းရန်၊ စိုက်ဘဏ် ချေးငွေများအား စနစ်တကျ ပေးဆပ်ရန်၊ ပုံစံ(၇)ပြုလုပ်ပေးမှု အခြေအနေ၊ လုံခြုံရေးဆောင်ရွက်နေမှု အခြေအနေ၊ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ အကြောင်းသိကောင်းစရာများ၊ မြစ်ကြောင်း တစ်လျှောက် ငါးသယံဇာတများ ပေါကြွယ်စေရေး ငါးလုပ်ငန်းဥပဒေအကြောင်း သိကောင်းစရာများ၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရာတွင် ဓာတုဗေဒမြေသြဇာများအစား သဘာဝ မြေဩဇာများ အစားထိုး အသုံးပြုစေလိုကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှု အခြေအနေများ စသည် တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များက ကျေးရွာနေ ပြည်သူများ တင်ပြလာသော ဒေသဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရီရီမြင့်