ကဝမြို့နယ်တွင် ရေငန်တားတာတည်ဆောက်ခြင်းလုပ်ငန်းကြောင့် ပါဝင်သွားသော လယ်မြေများအတွက် မြေလျော်ကြေးပေးအပ်

ကဝ မတ် ၃၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မမောက်-အောင်နိုင်ကြီး ရေငန်တားတာတည်ဆောက်ခြင်းလုပ်ငန်းတွင် ပါဝင်သွားသော လယ်မြေများအတွက် မြေလျော်ကြေးပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ကဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားပြီး၊ ကဝမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ AE ဦးတင်စိုးက ရေငန်တားတာတည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရေငန်တားတာ တည်ဆောက်ရာတွင် ပျက်စီးဆုံးရှုံးသွားသော တောင်သူ (၃၀)ဦး၏ လယ်မြေ (၅၉.၆၈)ဧကအတွက် တစ်ဧကလျှင် (၉၀၀၀၀၀)ကျပ်နှုန်းဖြင့် ငွေကျပ် (၅၃၇၁၂၀၀၀)ကျပ်အား တောင်သူများအားပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)