ရှမ်းရွာသစ် အောက်တိုဘာ ၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေ ပြည်သူများကျန်းမာရေးအသိပညာ ဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာန၌ အသက်နှစ်နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါလုပ်ငန်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နန်းစုစုအောင်နှင့် ဒေါ်မိသူဇာဝင်း တို့က ကလေးငယ်များ ကူးစက်ရောဂါတို့မှ ကာကွယ်ရန်နှင့် ကျန်းမာရေးအသိရှိစေရန် အတွက် ကျန်းမာရေး အသိပညာပေးခြင်း၊ ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ အသက်နှစ်နှစ်အောက် ကလေး ငယ်များအား အသည်းရောင်အသားဝါ(ဘီ)ရောဂါ ၊ပိုလီယို အကြောသေရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ကြက်ညှာချောင်းဆိုးရောဂါ၊ ဦးနှောက် အမြှေးရောင်ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကင်းဝေး စေရန် အသက်ပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများ ထိုးပေးခြင်းတို့ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)