ပေါင်းတည်မြို့နယ်၌ နွေစပါးထွန်ယက်စိုက်ပျိုးနေမှုများကို ကွင်းဆင်းကြည့်ရှု

ပေါင်းတည် မတ် ၃၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နွေစပါးစိုက်ပျိုးရေးလျာထားချက် ပြည့်မီကျော်လွန်ရေးကိုအလေးထား ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့သည် တောင်သူများ ထွန်ယက်စိုက်ပျိုးနေမှုများကို ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်း ဦးစီးမှူး၊ စိုက်ပျိုးရေးကြီးကြပ်အဖွဲ့များနှင့်အတူ ကြူတောကန်အုပ်စု၊ ကြူတောကန်ကျေးရွာ၊ တောင်သူ ဦးမင်းကို၏ နွေစပါး ၃ဧကစိုက်ကွင်း၌ ထွန်ယက်စိုက်ပျိုးနေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုကြသည်။ ဆက်လက်၍ ကိုယ်ဝန်ဆောင်အုပ်စုကျေးရွာများရှိ နွေစပါးစိုက်ကွင်းများသို့သွားရောက် ကြည့်ရှုအားပေးကာ တောင်သူများ၏ လိုအပ်ချက်များ၊အခက်အခဲများကို ရင်းရင်းနှီးနှီး မေးမြန်းစုံစမ်း၍ တောင်သူများ၏ တင်ပြချက်များအပေါ်သက်ဆိုင်ရာ ဦးစီးဌာနများနှင့် အချိန်နှင့်တစ်ပြေးညီ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ရေမှန်၊ မြေမှန်၊ မျိုးမှန်နှင့် စိုက်နည်းစနစ် မှန်ကန်စွာဖြင့်စိုက်ပျိုးနိုင်ရေးအတွက် အထူးအားစိုက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နွေစပါးပျိုးရေးသည် နိုင်ငံ့စီးပွားကို အမှန်တကယ်မြှင့်တင်ပေးမည့် စီမံကိန်းလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ အမှန်တကယ်လည်းဖြစ်ထွန်းအောင်မြင်ပြီး အထွက်ကောင်းအောင် ပူးပေါင်းဆောင်ရွက်ကြရန် တောင်သူများနှင့် စိုက်ပျိုးရေးဝန်ထမ်းများအား တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

သူရကြီး (ပြန်/ ဆက်)