လှိုင်းဘွဲမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်

လှိုင်းဘွဲ  မတ် ၃၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိညာပေး Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လှိုင်းဘွဲမြို့နယ် သစ်တောဦးစီးဌာန ဦးစီးမှူး ဦးလှမြင့်ဦးက မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်း လုပ်ငန်းဆောင်ရွက်ချက် များ၊ မိုးရာသီတွင် စိုက်ပျိုးနိုင်ရန်အတွက် ပျိုးဥယျာဉ် ပျိုးထောင်ပေးခြင်း၊ သစ်တောမူဝါဒ(၆)ချက်၊ ရေ၊ မြေ၊ တောရိုင်းတိရိစ္ဆာန်၊ ဇီဝမျိုးစုံနှင့် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ခြင်း၊ ထာဝစဉ်တည်တံ့စေခြင်း၊ သစ်တောပြုန်းတီးရသည့် အဓိက အကြောင်းအရင်းများ၊ သစ်တောဥပဒေ အကျိုးသက်ရောက်မှု၊ သစ်တောသစ်ပင်ပြုန်းတီးမှုကြောင့် ရေကြီးခြင်း၊ မြေပျိုခြင်း၊ အပူချိန် မြင့်တက်လာခြင်း၊ သစ်တောသစ်ပင် ပြုန်းတီးမှု မရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အတွက် ဝိုင်းဝင်ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)