လောင်းလုံး မတ် ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့၌ ဒေသဖွံ့ဖြိုးတိုးရေးနှင့် ဒေသခံပြည်သူများ မွေးမြူရေးဖြင့် စီးပွားဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပြီး ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာနတွင် ကောင်းမွန်သော တိရစ္ဆာန်မွေးမြူရေးကျင့်စဥ်နှင့် ဘဲမွေးမြူထုတ်လုပ်ရေးသင်တန်းကို ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းတွင် လောင်းလုံးမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး၊ ဒေါက်တာသိန်းဇော်က ဘဲမွေးမြူရာတွင် သတိပြုရမည့်အချက်များ၊ အိပ်ပုံ၊ စားပုံ၊ မွေးမြူပုံ/နည်းနှင့် ပတ်သက်သော အကြောင်းအရာများကို ချပြဆွေးနွေးပြောကြားပေး ခဲ့သည်။
ထို့နောက် သင်တန်းကို စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးခဲ့ရာ တက်ရောက်လာကြသည့် ဒေသခံများမှ စိတ်ပါဝင်စားစွာဖြင့် တက်ရောက်ခဲ့ပြီး သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ရာ ဒေါက်တာသိန်းဇော်က ပြန်လည်းဖြေကြားပေးခဲ့ကြောင်းနှင့် သင်တန်းကို မတ်လ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်းသိရသည်။
သိန်းသိန်း(လောင်းလုံး)