ဟင်္သာတ မတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် ရေသဘင်ပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၃) ကို ယနေ့ နံနက် ၁၀ နာရီအချိန်က ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေးတွင် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းမှ ဟင်္သာတမြို့နယ်တွင် မြန်မာ့ရိုးရာ မဟာသင်္ကြန်ရေသဘင်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ လုံခြုံရေး၊ ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များ စနစ်တကျတည်ဆောက်ရေးနှင့် ဖျော်ဖြေရေးအစီအစဥ်များ၊ အကယိမ်းအဖွဲ့များ ပါဝင်နိုင်ရေးတို့အတွက် အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များမှ ဆွေးနွေးပြောကြားခဲ့ကြသည်။ ဆက်လက်၍ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌနှင့် တက်ရောက်လာကြသည့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေး ဆပ်ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများမှ မိမိတို့ ဆပ်ကော်မတီများအလိုက် တာဝန်ယူဆောင်ရွက်ထားရှိမှု အခြေအနေများအား ဆွေးနွေး တင်ပြခဲ့ကြရာ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းမှ နိဂုံးချုပ်စကား ပြောကြားကာ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
ကိုဇော် - ဟင်္သာတ