ထန်းတပင်မြို့နယ်၌ နယ်လှည့်မိုဘိုင်းစနစ်ဖြင့် ဌာနဆိုင်ရာများသို့ စာငှားဝန်ဆောင်မှု ဆောင်ရွက်

ထန်းတပင်(ပဲခူး) မတ် ၃၀

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ထန်းတပင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသခံမိဘ ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေချစ်မြတ်နိုးသူများရှိစေရေးနှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးများသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။

ထိုသို့စာငှားဝန်ဆောင်မှုပြုလုပ်ရခြင်းမှာ စာကြည့်တိုက်သို့ အလုပ်တာဝန်များ မအားမလပ်၍ မလာရောက်နိုင်သူများ၊ စာအုပ်စာပေများကို လာရောက်ငှားရမ်းရန် ခက်ခဲသူများအတွက် သုတ၊ ရသ စာအုပ်စောင်များ ဖတ်ရှုခြင်းဖြင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ပိုမိုကောင်းမွန်စေရန်၊ စာဖတ်ရှိန် ပိုမိုမြင့်မားလာစေရန်၊ စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်လာသည့်အပြင် စာပေများမှ အသိပညာဗဟုသုတများ တိုးပွားလာ စေရန်ရည်ရွယ်၍ ဌာနဆိုင်ရာများ သို့ငှားရမ်းပေးခဲ့ပြီးပြည်သူများထံသို့ သုတ၊ ရသစာအုပ်များ  အသင်းဝင်အသစ်များကိုလည်း စာငှားကတ်များ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များသို့ (၁)လလျှင် (၄)ကြိမ်နှုန်းဖြင့် စာအုပ်စာစောင်များ လဲလှယ်၍ ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ ဆက်)