ဟုမ္မလင်း မတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၏ နာဂဒေသလေရှီး မြို့နယ်တောင်သူပညာပေး အဖွဲ့မှ ဟုမ္မလင်းမြို့နယ်ရှိ ဒေသခံတောင်သူများ မျိုးကောင်းမျိုးသန့် ပိုမိုပြောင်းလဲသုံးစွဲလာစေ ရေး၊ ရေသိုလှောင်ထိန်းသိမ်းခြင်း (Water Saving and Harvesting) နည်းလမ်းများ၊ အသုံးပြု လာစေရေး၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နှင်းရေး (Integrated Pest management) ကုန်ကျစရိတ်သက်သာသည့် သဘာဝပိုးသတ်ဆေး သဘာဝမြေဩဇာများ တောင်သူကိုယ်တိုင် ပြုလုပ်သုံးစွဲတက်လာစေရေး၊ သီးနှံအထွက်နှုန်း တိုးတက်မြင့်မားလာစေရေး ရည်ရွယ်၍ သီးနှံ စိုက်ပျိုးရေးဆိုင်ရာ တောင်သူနည်းပညာပေးသင် တန်းဖွင့်ပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒုတိယခရိုင်အုပ်ချုပ်ရေး ဦးလှဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်လွင်က သီးနှံစိုက်ပျိုးရေးဆိုင်ရာ တောင်သူနည်းပညာပေး သင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူများက စိုက်ပျိုးရေး ဆိုင်ရာအထောက် အကူပစ္စည်း ပေးအပ်ခဲ့ရာ တောင်သူများမှ လက်ခံခဲ့ကြ သည်။
အဆိုပါသင်တန်းကို (၁)ရက်ဖြစ်ပြီး သင်တန်းဆရာ/ဆရာမများက ဘက်စုံသီးနှံကာကွယ်ရေးနှင့် သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်း၊ ရေစုဆောင်းခြင်းနှင့် ရေချွေတာသုံးစွဲဆောင်းခြင်း၊ နိုင်ငံခြားစျေးကွက် ဝင်မက္ကဒေးမီးယားစိုက်ပျိုးခြင်း၊ အာဟာရပြည့်ဝသော မှိုမျိုးစုံ စိုက်ပျိုး ထုတ်လုပ်ခြင်း နည်းပညာဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယခရိုင်အုပ်ချုပ်ရေး ဦးလှဝင်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းသီးနှံကာကွယ်ရေး တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်လွင်၊ သင်တန်းပို့ချမည့် ဆရာ/မများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုစုထွေးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသား/သူ (၂၀)ဦးနှင့် စုစုပေါင်း (၄ဝ)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)