ရေဦး မတ် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ရဲမှူး ဟန်ဝင်းလှိုင် ဦးဆောင်မှုနှင့် ယနေ့ နံနက် ၉ နာရီက အောင်ချမ်းသာ ရပ်ကွက် လမ်းဆုံမီးပွိုင့်နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းနှင့် အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဟန်ဝင်းလှိုင်၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက လမ်းဆုံမီးပွိုင့်တို့တွင် လမ်းအသုံးပြုသွားလာလျက်ရှိသော ယာဉ်မှူး၊ ယာဉ်နောက်လိုက်များ၊ မော်တော်ဆိုင်ကယ် မောင်းနှင်စီးနင်းလိုက်ပါသူများ အနှေးယာဉ် မောင်းသူနှင့် လမ်းသွားလမ်းလာများအား ယာဥ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဆိုင်ကယ်မောင်နှင်စီးနင်းသူများ အရည်အသွေးကောင်းမွန်သော ဆိုင်ကယ်စီးဦထုပ်ဆောင်း၍ မောင်းနှင်လိုက်ပါစီးနင်းသွား ကြရန်နှင့် ဒေသအခြေအနေအရ ထုတ်ပြန်ထားသော အမိန့်၊ ညွှန်ကြားချက်များ သိရှိ လိုက်နာသွားရေး အသိပေးပြောကြားခဲ့သည်။
ဆက်လက်ပြီး အောင်ချမ်းသာရပ်ကွက်ရုံးတွင် ယာဉ်စည်းကမ်းလမ်းစည်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေပါ အချက်အလက်များ၊ အမျိုးသားယာဥ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ (၂၀၂၁-၂၀၃၀) ၏ ရည်မှန်းချက်များအကြောင်း၊ ယာဥ်တိုက်ခိုက်မှုဖြစ်စဥ်များနှင့် ပတ်သက်၍ ယာဥ်စည်းကမ်း လမ်းစည်းကမ်းအသိပညာပေး မှတ်တမ်းဗီဒီယိုဖိုင်ကို ဖွင့်လှစ်ပြသ ပေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ဒေသခံများမှ လမ်းအသုံးပြုအမှတ်အသားများနှင့် ပတ်သက်၍ မရှင်းလင်းသည့်အချက်များကို မေးမြန်း ခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးက အသေးစိတ် ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
သန်းသန်း(ရေဦး)