ပြည်ကြီးမဏ္ဍိုင်မြို့၌ဘူးသီးများလှိုင်လှိုင်ထွက်ရှိ

ပြည်ကြီးမဏ္ဍိုင် မတ် ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ရာသီအလိုက်သီးနှံမျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြသည့် တောင်သူများမှာ ယခုအခါတွင် မြေအောက်ရေကိုအသုံးပြု၍ စိုက်ပျိုးထား သော ဘူးသီးများ လှိုင်လှိုင်ထွက်ရှိနေပြီ ဖြစ်သည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဘူးပင်များကို အိမ်ရှိမြေကွက်လပ်များတွင်လည်းကောင်း၊ ဥယျာဉ်ခြံများတွင်လည်းကောင်း မြေအောင်ရေသွင်း၍ မျိုးစေ့ချစိုက်ပျိုးကြပြီး အပင်များမှအသီးအထွက်နှုန်း ကောင်းမွန်စေရန်နှင့် ပိုးမွှားကျရောက်ခြင်း အန္တရာယ်မှကာကွယ်ရန်အတွက် သဘာဝမြေဩဇာများကျွေးခြင်း၊ ပိုးသတ်ဆေးများပက်ဖျန်းပေးခြင်းဖြင့် ပြုစုစိုက်ပျိုးပြီး ၄၅ ရက်အကြာတွင် ခူးဆွတ် ရောင်းချကြောင်း စိုက်ပျိုးရေးတောင်သူတစ်ဦးကပြောသည်။

ဘူးသီးစတင်ခူးဆွတ်ချိန်တွင် ပေါက်ဈေးမှာ အလုံးအရွယ်အစားအလိုက် အလုံးကြီးတစ်လုံးကို ၁၅၀၀ ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၈၀၀) မှ (၁၀၀၀) ကျပ်အထိရရှိပြီး ထွက်ရှိသည့်အသီးများကို လေညာအရှေ့ရပ်ကွက်ရှိ ဈေးဆိုင်များတွင် ဖောက်သည်ပေးခြင်း၊ ခြံတွင်းသို့ ကိုယ်တိုင်လာရောက် ဝယ်ယူခြင်းများလည်းရှိကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ ပြည်သူများသည်  တောင်ယာနှင့်ဥယျာဉ်ခြံများကို  စိုက်ပျိုးလုပ်ကိုင်ကြသည့်အပြင် ရာသီအလိုက်ထွက်ရှိသည့် ဟင်းသီးဟင်းရွက်မျိုးစုံကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ် ကိုင်ကြကြောင်း သိရသည်။

ကေခိုင်ဝင်း(ပြန်/ဆက်)