သာယာဝတီမြို့နယ်တွင် ဖူးစားပြောင်းစျေးကောင်းရ၍ စိုက်ပျိုးသူများပြားလာ

သာယာဝတီ    မတ် ၃၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ဖူးစားပြောင်းစျေးကောင်းရ၍ စိုက်ပျိုးသူများပြားလာကြောင်း မာလာကာကုန်းကျေးရွာဦးမြင့်အေးထံမှ သိရသည်။

ဖူးစားပြောင်းစိုက်ပျိုးရာတွင် အစိုဓာတ်ကောင်းစေရန် ရေလုံလောက်စွာ သွင်းပေးရပြီး စိုက်ပျိုးပြီး နှစ်လအကြာတွင် ဖူးစပြုပြီး သုံးလအကြာတွင် အဖူးချိုး၍ရောင်းရပြီး ဖူးစားပြောင်းအမျိုးအစားများမှာ ပြောင်းကြမ်း၊ သကြားပြောင်း၊ ဗမာပြောင်းဟူ၍ သုံးမျိုးရှိရာ ပြောင်းကြမ်းကို အများဆုံး တိရစ္ဆာန်များအတွက်သာ အသုံးပြုစိုက်ပျိုးကြသည်။

ဖူးစားပြောင်းပင်များကို စနစ်တကျစိုက်ပျိုးထားပါက အထွက်နှုန်းကောင်းမွန်ပြီး ဖူးစားပြောင်းများ စိုက်ပျိုးရာတွင် ကျဲပက်ခြင်းနှင့် အတန်းလိုက်အစေ့ချစိုက်ပျိုးခြင်းစသည့် နည်းအမျိုးမျိုးရှိသော်လည်း အတန်းလိုက်အစေ့ချ၍ စနစ်တကျစိုက်ပျိုးပြီး ရေသွင်းခြင်း၊ ဆေးဖြန်းခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းများ ပြုနိုင်ပေးနိုင်သည့်အတွက် အပင်များ ပိုမိုကြီးထွားသန်မာစေကြောင်း၊ ဖူးစားပြောင်းများကို စိုက်ပျိုးရာတွင် မျိုးစေ့တစ်ဗူးလျှင် သုံးသောင်းကျပ်ခန့် ဝယ်ယူရပြီး အဖူး ၁၃၀၀၀ ခန့်ထွက်ရှိ၍ စိုက်ပျိုးသည့်မြေကောင်းလျှင် တစ်ပင်ကို နှစ်ဖူးမှ သုံးဖူးအထိ ဖူးနိုင်ကြောင်း၊ လက်ရှိအချိန်တွင်ဖူးစားပြောင်းစျေးနှုန်းမှာ လက်လီစျေး တစ်ဖူးလျှင် ၄၀၀ ကျပ်ဖြစ်ပြီး လက်ကားစျေးတစ်ဖူးလျှင် ၃၅၀ ကျပ် ရောင်းချရကြောင်း ဇွယ်ငူကျေးရွာ ဖူးစားပြောင်း စိုက်ပျိုးရောင်းချသူထံမှ သိရသည်။

သန့်ဇော် (ပြန်/ဆက်)