မြိတ် မတ် ၃၀
လူမှုဝန်ထမ်းဦးစီးဌာန မြိတ်မူလတန်းကြိုကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းတက်အချိန် (၁)နှစ်တာကာလ၌ မူလတန်းကြိုပညာ သင်ယူတတ်မြောက်ပြီး အသက်(၅)နှစ်ပြည့်ပြီးသော ရင်သွေးငယ်လေးများအား ဘဝတစ်သက်တာကျွမ်းကျင်စရာ အခြေခံဗဟုသုတ အခြေခံကောင်းများကို ကြိုတင်ပြုစုပျိုးထောင်ပေးပြီးဖြစ်၍ မူလတန်းကြို ပညာသင်ယူပြီးမြောက်ကြောင်း လက်မှတ်ချီးမြှင့်ခြင်းနှင့် ပဒေသာကပွဲကို အဆိုပါ ကျောင်းတွင် ယမန်နေ့က ကျင်းပခဲ့သည်။
မြိတ်မူလတန်းကြိုကျောင်းမှ အသက်(၃)နှစ်မှ(၅)နှစ် မူကြိုအရွယ်ရင်သွေးငယ်များအား ကျောင်း တက် ချိန်(၂၀၂၂)ခုနှစ် မေလ(၂)ရက်နေ့မှ (၂၀၂၃)ခုနှစ် မတ်လ(၃၁)ရက်အထိ (၁)နှစ်တာကာလအတွင်း ကာယ၊ ဉာဏ၊ စာရိတ္တ၊ ပေါင်းသင်းဆက်ဆံရေး၊ စိတ်ခံစားမှုအာဟာရနှင့် ကျန်းမာရေး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး Early Childhood Care and Development - ECCD နည်းစနစ်နှင့်အညီ ပြုစုပျိုးထောင်ပေးခဲ့သည်။
ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးနည်းစနစ်သည် ကလေးငယ်များ၏ အသက်အရွယ်အလိုက် ရုပ်ပိုင်းဆိုင်ရာရှင်သန်ကြီးထွားခြင်း အာဟာရနှင့် ကျန်းမာရေးကောင်းမွန်ခြင်း၊ အကျင့်စာရိတ္တကောင်းပြီး တာဝန်သိတာဝန်ယူတတ်မှုရှိခြင်း၊ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို သိရှိခြင်း၊ စည်းကမ်းရှိ သည့်ကလေး ဘဝတစ်သက်တာကျွမ်းကျင်စေရန် ဆရာမများကကစားခြင်းဖြင့် သင်ကြားနည်း၊ တေးဂီတဖြင့် သင်ကြားနည်း၊ အခြေခံပန်းချီဖြင့် သင်ကြားနည်း၊ လက်မှုပညာဖြင့်သင်ကြားနည်း(၄)နည်း စသည်တို့ဖြင့် ကျောင်းတက်အချိန် (၁)နှစ်တာကာလ၌ သင်ကြားပေးခဲ့ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
မူလတန်းကြို ပညာသင်ယူပြီးမြောက်ကြောင်း လက်မှတ်ချီးမြှင့်ခြင်းနှင့် ပဒေသာကပွဲကို လူမှုဝန်ထမ်းဦးစီးဌာန မြိတ်ခရိုင်ခရိုင်ဦးစီးမှူး ဒေါ်နီနီဝင်းက အဖွင့်မှာစကားပြောကြားပြီး မူလတန်းကြို သမီးငယ်လေးများမှ “ရွှေမြန်မာ” သီချင်းဖြင့် တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်၍ အခမ်းအနားဖွင့်လှစ်သည်။ ထိုနောက် လူမှုဝန်ထမ်းဦးစီးဌာန မြိတ်ခရိုင်ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူ များက အသက်(၅)နှစ် ပြည့်ပြီးသော ရင်သွေးငယ်များအား မူလတန်းကြိုပညာ သင်ယူပြီးမြှောက်ကြောင်းလက်မှတ်များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက် လက်၍ မူလတန်း ကြိုကလေးငယ်များက တေးသီချင်းများဖြင့် တေးသရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)