မကွေး မတ် ၂၉
မကွေးတိုင်းဒေသကြီး အခြေခံပညာကျောင်းများအခြေပြုကင်းထောက်ဖွဲ့စည်းရေးနှင့် ဆရာဖြစ် သင်တန်း(၁/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို မတ်လ ၂၈ ရက် ယနေ့နံနက် ၉ နာရီက မကွေး ပညာရေး ဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတက္ကသိုလ်ပါမောက္ခချုပ်၊ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဌာနမှူးများ၊ ပညာရေးဌာနမှ တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများ၊ ကင်းထောက်သင်တန်းတွင် သင်ကြားပြသ စောင့်ရှောက်ပေးကြမည့် စီနီယာကင်းထောက်(ဆရာ/ဆရာမ)များ၊ ကင်းထောက်အဖြစ်ခံယူပြီး မိမိတို့၏ တန်ဖိုးရှိအချိန်များကို အကူအညီလိုအပ်နေသူများအား ပေးဆပ်ကူညီရင်း တိုင်ပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ကျရာနေရာက ပါဝင်ထမ်းရွက်ကြဖို့ စိတ်အား ထက်သန်နေကြသည့် သင်တန်းသား မောင်မယ်များ တက်ရောက်ခဲ့ကြသည်။
သင်တန်းဖွင့်အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ယနေ့စတင်ဖွင့်လှစ်သည့် တိုင်းဒေသကြီးအဆင့် ကင်းထောက်သင်တန်းကို ကြီးကြပ်အုပ်ချုပ်သူ(၁)ဦး၊ အခြေခံပညာ ကျောင်း(၆)ကျောင်းမှ ကျောင်းသား(၅၀)ဦးနှင့်ကျောင်းသူ(၅၀ဦး၊ မြို့နယ်အသီးသီးမှ သင်တန်း သား ဆရာ/ဆရာမ(၃၁)ဦး၊ နည်းပြ(၁၂)ဦး၊ ရုံးအဖွဲ့ဝင်(၅)ဦး စုစုပေါင်း(၁၄၉)ဦးဖြင့် မကွေးပညာရေးဒီဂရီကောလိပ်မှာ (၁၀)ရက်ကြာ ဖွင့်လှစ်သွားမှာဖြစ်ကြောင်း၊ ယနေ့လူငယ်များသည် အနာဂါတ် နိုင်ငံတော်၏ အားကိုးထိုက်သော မျိုးဆက်သစ်များဖြစ်လာနိုင်ရန်အတွက် အခုကတည်းက လေ့ကျင့်ပြုစုပျိုးထောင် ပေးနေခြင်းလည်းဖြစ်ကြောင်း၊ နိုင်ငံတော်၏တာဝန် အမျိုးမျိုး ကို ကျရာနေရာမှ ပုခုံးလွှဲပြောင်း ထမ်းဆောင်နိုင်မည့် အရည်အသွေးပြည့် နိုင်ငံ့သားကောင်း၊ သမီးကောင်း ရတနာများ၊ နိုင်ငံ့ခေါင်း ဆောင်ကောင်းများ ဖြစ်လာစေရန် ရည်ရွယ်ပါကြောင်း၊ ကင်းထောက်သည် စစ်သဘောမပါ၊ နိုင်ငံရေး မစွက်၊ လူမှုရေးသက်သက်ဖြစ်ကြောင်း နားလည်သိရှိ ဆောင်ရွက်တတ်သူများဖြစ်လာစေရေးအတွက် သင်ကြားလေ့ကျင့်ပေးခြင်း ဖြစ်တယ်ဆိုတာကို အလေးထား အသိပေးပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံမှာ ကင်းထောက် လှုပ်ရှားမှုအဖြစ် အမျိုးသမီးကင်းထောက်အဖွဲ့ကို ၁၉၁၆ ခုနှစ်တွင်လည်းကောင်း၊ အမျိုးသား ကင်းထောက်အဖွဲ့ကို ၁၉၂၀ ခုနှစ်တွင် လည်းကောင်း သီးခြားလွတ်လပ်သော အဖွဲ့များအဖြစ် စတင်ဖွဲ့စည်းကြောင်း မှတ်တမ်းများအရ လေ့လာသိရှိရပါကြောင်း၊ လွတ်လပ်ရေးရပြီး ၁၉၆၂ ခုနှစ်မှာ အမျိုးသမီးနှင့် အမျိုးသားကင်းထောက် အဖွဲ့အစည်းများကို စုစည်းဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ် တွင် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အစိုးရ၏ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်(ငြိမ်း)၏ ညွှန်ကြားချက်နှင့် ပညာရေးဝန်ကြီး ဌာနကကြီးမှူးပြီး ကင်းထောက်အဖွဲ့ များကို ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုကဲ့သို့ ဖွဲ့စည်းနိုင်ရန်အတွက် ကင်းထောက် သင်တန်းကို ၂၀၁၂ ခုနှစ်တွင် ရန်ကုန်မြို့ အထက(၁)လမ်းမတော်မှာ (၇)ရက်ကြာ ကျင်းပပြု လုပ်ခဲ့ကြောင်း၊ အဆိုပါသင်တန်းသို့ မကွေးတိုင်းဒေသကြီးမှ ဆရာကြီး၊ ဆရာမကြီး(၅)ဦး တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး၏ ကင်းထောက်လုပ်ငန်းများကို ပြန်လည် စတင်လှုပ်ရှား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းဆင်း ဆရာကြီး၊ ဆရာမကြီးများ၏ ဦးဆောင်မှုဖြင့် ပထမအကြိမ်သင်တန်းကို ၂၀၁၂ ခုနှစ်တွင် မကွေးမြို့ ၊အထက(၂)၌ ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦးဖြင့် (၇)ရက်တာ ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ဒုတိယအကြိမ်သင်တန်းကို ၂၀၁၄ ခုနှစ်တွင် မကွေးမြို့ပေါ် အထကကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦးအား ကင်းထောက် သင်တန်း(၇)ရက် ပေးနိုင်ခဲ့ပြီး ကင်းထောက်လှုပ်ရှားမှုများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည့် မှတ်တမ်းကောင်းများလည်း တိုင်းဒေသကြီးအတွင်း ကျန်ရှိခဲ့ပါကြောင်း၊ ယခုဖွင့်လှစ်သည့် ကင်းထောက်သင်တန်းတွင် ပိုကောင်းမွန်သည့် အခြေအနေ တစ်ခုရရှိစေရေး အတွက် သင်တန်းကာလ(၁၀)ရက်တာအဖြစ် ဖွင့်လှစ်ပေးသွားမှာဖြစ်ကြောင်း၊ သင်တန်း တက်နေစဉ် ကင်းထောက် မောင်မယ်များ အချင်းချင်း ပေါင်းသင်းဆက်ဆံမှု ကောင်းမွန်စေရေး၊ ကြီးသူ၊ ငယ်သူတန်းတူညီတူ ဆက်ဆံတတ်စေရေး၊ ပူးပေါင်းဆောင်ရွက်မှု အပြန်အလှန် ပိုမိုရရှိ နိုင်ရေး၊ စားသောက်ရာမှာလည်း စည်းကမ်းတကျ ဖြစ်စေရေး၊ အများနှင့် စုပေါင်းနေထိုင် တတ်သည့် သူများဖြစ်အောင် စည်းကမ်း၊ ထုံးတမ်းအစဉ်အလာနှင့် ညွှန်ကြားချက်များကို နားလည်လိုက်နာနိုင်သူများဖြစ်စေရေး စုပေါင်းနေထိုင်မှု အလေ့အကျင့်များကိုလည်း သင်ယူကြစေလိုကြောင်း၊ ကင်းထောက်တို့ တတ်အပ်သည့် ပညာများကို သင်ကြား၊ သင်ယူကြရန် အထူးမှာကြားလိုကြောင်း၊ ကင်းထောက်သင်တန်းအပြင် နိုင်ငံ့သားကောင်း အများအပြား ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်ဖြင့် လူငယ်ပြုစုပျိုးထောင်ရေး အစီအစဉ်များဖြစ်သည့် နွေရာသီသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးနိုင်ရေး တိုက်တွန်းအားပေးလျက် ရှိပါကြောင်း၊ သင်တန်းများ ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်နိုင်ရေး တိုင်းဒေသကြီးအစိုးရ အနေဖြင့် ရန်ပုံငွေများလည်း ထောက်ပံပေးလျက်ရှိကြောင်း၊ ကင်းထောက်သင်တန်း တက်ရောက်ကြသည့် မောင်တို့မယ်တို့ အနေဖြင့် အခြားသူများထက်ပိုသည့် ကြိုးစားအားထုတ်မှု ပြုသူများဖြစ်၍ ပိုကောင်းမွန်သော အခွင့်အလမ်းနှင့် အသိအမြင်၊ အတွေးအခေါ်၊ အတွေ့အကြုံများကို ရရှိလာစေမှာဖြစ်ကြောင်း၊ လူငယ်များ ဗလ(၅)တန် ပြည့်စုံရရှိအောင် ဖြည့်ဆည်းနိုင်ခြင်းဖြင့် အောင်မြင်ထွန်းတောက်သော ကင်းထောက်များ ဖြစ်လာမှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဦးသက်လေးဦးက အခြေခံပညာကျောင်းများသည် လူငယ်ဘဝစပြုသည့် အသက် ၅ နှစ်အရွယ်မှ ဆယ်ကျော်သက်အရွယ်အထိ ဘဝတစ်လျှောက် လိုက်နာကျင့်သုံးအပ်သည့် လူမှုဆက်ဆံရေး အသိပညာများကို အစပြု သင်ကြား လေ့ကျင့်ပျိုးထောင်ပေးရသည့် ဌာနများဖြစ်ကြောင်း၊ လူငယ်များ၏ စာရိတ္တ၊ ပညာရေး၊ အတွေးအခေါ်၊ အလေ့အကျင့်၊ အပြုအမူတို့ကို ငယ်စဉ်ကပင် လေ့ကျင့်သင်ကြား ပျိုးထောင်ပေးခြင်းဖြင့် လူငယ်လူရွယ်များသည် မိမိကိုယ်ကို တန်ဖိုးထားတတ်လာမည့်အပြင် အနာဂါတ်နိုင်ငံတော်အတွက် အရည်အချင်းပြည့်ဝသော မျိုးဆက်သစ်အင်အားစုများလည်း ဖြစ်လာကြမည်ဖြစ်ကြောင်း၊ လူငယ် ပြုစုပျိုးထောင်ရေး လုပ်ငန်းများတွင် ကင်းထောက်လူငယ် မောင်မယ်လေးများ ဖွဲ့စည်းလေ့ကျင့် သင်ကြားပေးခြင်းသည် လည်း အရေးပါသည့် လုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်း၊ ကင်းထောက်ဆရာဖြစ် သင်တန်းတက်ရောက်ကြသည့် ဆရာ၊ ဆရာမများ ကိုလည်း ကင်းထောက်ဆိုင်ရာ အတတ်ပညာ၊ အသိပညာများကို ဆရာတစ်ဦးအဖြစ် ရပ်တည် ပြီး ပြန်လည်သင်ကြား ဦးဆောင်နိုင်စေသည့် အထိ လေ့ကျင့်ပေးသွားရန် ရည်ရွယ်ထား ကြောင်း၊ ကင်းထောက်သည် သစ္စာရှိသည်၊ ယုံကြည်စိတ်ချရ သည်၊ သူတပါးအားကိုး၍ရသည်၊ ကင်းထောက်သည် ယဉ်ကျေးသိမ်မွေ့ပြီး ကြင်နာစာနာတတ်သည်၊ အခက်အခဲတွေ့ ကြုံလျှင်လည်း သတ္တိရှိရှိ၊ ဇွဲကောင်းကောင်းဖြင့် အောင်မြင်စွာ ဖြေရှင်းနိုင်သည်ဆိုသည့် အစဉ်အလာကောင်းများနှင့် ညီညွတ်သူများဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချီးမြှင့်သည့် သင်တန်းထောက်ပံ့ငွေကျပ်(၉၇)သိန်းနှင့် သင်တန်းသား(၁၀၀)ဦးအတွက် သင်တန်းလက်စွဲစာအုပ်များ၊ စာရေးကရိယာများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း၊ ကင်းထောက်မောင်မယ်လောင်းများအတွက် ကင်းထောက် ဝတ်စုံ (၁၀၀)စုံကို အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်က လည်းကောင်း၊ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် မကွေးတက္ကသိုလ်သို့ ရောက်ရှိပြီး မကွေးတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ ကထိကများနှင့်တွေဆုံ၍ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ့စီးပွားဖွံ့ ဖြိုးတိုးတက်စေရန် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများကို တစ်ပိုင်တစ်နိုင်မှစ၍ အင်တိုက်အားတိုက် စီးပွားဖြစ်အထိ ဆောင်ရွက်နိုင်စေရန် ကိစ္စရပ်များ၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် များအားလုံး၏ သမိုင်းကြောင်းများ ပြန်လည်စိစစ် မှတ်တမ်းရေးသားနိုင်ရေးဆိုင်ရာများ၊ မြေဆီလွှာတိုးတက်ကောင်းမွန်ရေး၊ မြေအောက် သယံဇာတထွက်ရှိ လုပ်ကိုင်ဆောင်ရွက်မှု၊ အသေးစား၊ အလတ်စားစက်မှုလက်မှုလုပ်ငန်းဆိုင်ရာ အသေးစားလျှပ်စစ်ဓာတ်အားရရှိရေးနှင့် တောင်သူများ လက်တွေ့လုပ်ဆောင်နေမှုများနှင့်ပတ်သက်၍ တောင်သူအသိပညာပေး ဆောင်ရွက်နိုင်ရေးဆိုင်ရာများအား ဘာသာရပ်ဆိုင်ရာ ဆရာကြီး၊ ဆရာမကြီးများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ကူညီပံ့ပိုးဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့သည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မကွေးမြို့ အောင်မြေရတနာ ကျောင်းတိုက်သို့ ရောက်ရှိပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကျင်းပသော အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ အောင်မြေရတနာကျောင်းတိုက် စာဖြေဌာနတွင် စာဖြေသံဃာနှင့် သီလရှင်များ စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေးကာ၊ ကြီးကြပ် ဆရာတော်ကြီးများ၊ စာဖြေသံဃာနှင့် သီလရှင်များအား သောက်ရေသန့်နှင့် အချိုရည်ဗူးများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မောင်ညီညာ