မကွေး မတ် ၃၀
၂၀၂၃ ခုနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၇)ခရိုင် ကာယဗလမောင်နှင့် ကာယကြံ့ခိုင်မှုမယ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ကာယဗလမောင်နှင့်ကာယမယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်များနှင့် ပြိုင်ပွဲကို စိတ်ဝင်စားသည့် ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကာယဗလမောင်နှင့် ကာယကြံ့ခိုင်မှုမယ်ပြိုင်ပွဲဝင်များအားလုံး ပမာဏယှဉ်ပြိုင်မှုအနေဖြင့် ကာယဗလမောင်များက ကိုယ်ဟန်ပြ(၇)မျိုးနှင့် ကြိုက်နှစ်သစ်ရာ ကိုယ်ဟန်ပြ(၁)မျိုးစီဖြင့် ပမာဏယှဉ်ပြိုင်ခဲ့ပြီး ကာယကြံ့ခိုင်မှုမယ်ပြိုင်ပွဲတွင် ကာယမယ်(၅)ပေ ၃ လက်မအောက်နှင့် အရပ်(၅)ပေ (၃)လက်မအထက် ပမာဏယှဉ်ပြိုင်မှုများအဖြစ် ကိုယ်ဟန်ပြ(၇)မျိုးနှင့် ကြိုက်နှစ်သက်ရာ ကိုယ်ဟန်ပြတစ်မျိုးစီဖြင့် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ အဆိုဝါသနာရှင်များက တေးသီချင်းများဖြင့် သီဆိုဧည့်ခံဖျော်ဖြေခဲ့ပြီး ပမာဏယှဉ်ပြိုင်သည့် ကာယဗလမောင်နှင့်ကာယမယ်များထဲမှ ရွေးချယ်ခြင်းခံရသည့် ကာယဗလမောင်နှင့် ကာယမယ်များမှ ဗိုလ်လုပွဲစဉ်အဖြစ် ကိုယ်ဟန်ပြ(၇)မျိုးနှင့်မိမိကြိုက်နှစ်သက်ရာ ကိုယ်ဟန်ပြ တစ်မျိုးစီဖြင့် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ၂၀၂၃ ခုနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ကာယဗလမောင်နှင့် ကာယမယ်ပြိုင်ပွဲ ဆုပေးပွဲအစဉ်အဖြစ် ကာယဗလမောင်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများအား ဆုကလပ်နှင့်ငွေသားဆုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ ပထမဆု၊ဒုတိယဆုနှင့်တတိယဆုရရှိသူများအား ဆုကလပ်များနှင့်ငွေသားဆုများအားတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ကလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကာယမယ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသော ကာယမယ်များအား တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ဝင်များက ဆုကလပ်များနှင့်ငွေသားဆုများအားလည်းကောင်း၊ ကာယမယ်ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများအား ဆုကလပ်များနှင့် ငွေသားဆုများအား တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကမှလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ၂၀၂၃ခုနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား(၇)ခရိုင် ကာယဗလမောင်နှင့် ကာယကြံ့ခိုင်မှုမယ်ပြိုင်ပွဲတွင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခရိုင်မှ ကာယဗလမောင်(၂၅)ဦး၊ ကာယကြံ့ခိုင်မှုမယ်ပြိုင်ပွဲတွင် ကာယမယ်(၂၄)ဦး စုစုပေါင်းပြိုင်ပွဲဝင်(၄၉)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုအနေဖြင့် ဆုကလပ်နှင့်ငွေသားဆု(၅)သိန်းကျပ်၊ ဒုတိယဆုအနေဖြင့် ဆုကလပ်နှင့် ငွေသားဆု(၃)သိန်းကျပ်၊ တတိယဆုအနေဖြင့် ဆုကလပ်နှင့်ငွေသားဆု(၂)သိန်းကျပ်နှင့် နှစ်သိမ့်ဆုအနေဖြင့် ဆုကလပ်နှင့်ငွေသားဆု(၅)သောင်းကျပ်တို့အား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)