မုံရွာ မတ် ၂၉
ကလေးအလုပ်သမားများအား အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများလျော့နည်း ပပျောက်စေရေး၊ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် မိသားစုဝင်ငွေ တိုးတက်ရရှိကာ အမျိုးသမီးငယ်များ သက်မွေးပညာသင် တန်းများတက်ရောက်နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် ၁၁/၂၀၂၃ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အားကစားနှင့် ကာယပညာသိပ္ပံ (မုံရွာ) သင်တန်းခန်းမတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကလေးအလုပ်သမား ပပျောက်ရေးအတွက် အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှသာ ကလေးအလုပ်သမား ပပျောက်ရေးလုပ်ငန်းစဉ် အောင်မြင်မှာဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အနာဂတ်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရင်းအမြစ်များဖြစ်သည့် ကလေးလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူအားလုံးမှ ပူးပေါင်းဆောင်ရွက်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံ စက်မှု၊ လက်မှု သင်တန်းစုစုပေါင်း ၁၁ ကြိမ် ဖွင့်လှစ် သင်ကြားပေးခဲ့ပြီးဖြစ်ရာ သင်တန်းသား/သင်တန်းသူ ၂၆၂ ဦးအား သင်တန်းပို့ချပေးနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဒေသနှင့် ကိုက်ညီမှုရှိစေမည့် အသက်မွေးမှုနှင့် ကျွမ်းကျင်မှုသင်တန်းများအား စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သင်တန်းသူများအနေဖြင့် စာတွေ့၊ လက်တွေ့ သင်ကြားနိုင်သည့် အခွင့်အရေးရရှိမှာဖြစ်တဲ့အတွက် တန်ဖိုးမဖြတ်နိုင်သည့် သင်တန်းတစ်ခု ဖြစ်ပါကြောင်း၊ သင်တန်းမှပို့ချပေးမည့် နည်းပညာရပ်များအား စိတ်ပါဝင်စားစွာဖြင့် နာယူမှတ်သားပြီး ရက်တိုသင်တန်းဖြစ်သည့်အတွက် သင်တန်းပျက်ရက်မရှိအောင် တက်ရောက်သွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းဆင်းပြီးပါက လက်တွေ့အသုံးချနိုင်ရန်နှင့် တစ်ဦးချင်း ချုပ်လုပ်ခြင်းမှသည် MSMEs လုပ်ငန်းများဆီသို့ တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်တန်းခန်းမအတွင်း ပြသထားသော အပ်ချုပ်စက်များနှင့် သင်တန်းတွင်အသုံးပြုသွားမည့် သင်ထောက်ကူပစ္စည်းများအား လိုက်လံ ကြည့်ရှု အားပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် ၁၁/၂၀၂၃ သို့ သင်တန်းသူ ၂၁ ဦး တက်ရောက်သွားမည်ဖြစ်ရာ သင်တန်းကာလ ၁ လကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် ၃/၂၀၂၃ သို့ တက်ရောက်ကြသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများအား အားပေးမြှင့်တင်ရန်၊ MSMEs လုပ်ငန်းများအား အားပေးမြှင့်တင်ရန်၊ လျှပ်စစ်ဓါတ်အား လုံလောက်စွာရရှိရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအား အားပေးမြှင့်တင်သွားကြရန် အစရှိသည့် ကိစ္စရပ်များနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ပတ်သက်၍ မော်တော်ယာဉ်များ အတွက် လိုအပ်သည့် တာယာများအား ပြည်တွင်း၌ လုံလောက်စွာရရှိရေးအတွက် ရာဘာအား အခြေခံသည့် တာယာထုတ်လုပ်ခြင်းလုပ်ငန်းများ၊ စိုက်ပျိုးရေးကိုအခြေခံသည့် ဆန်စက်၊ ဆီစက်၊ ပဲခွဲစက်လုပ်ငန်းများ၊ စက္ကူထုတ်လုပ်သည့်လုပ်ငန်းများ၊ နွားမွေးမြူရေးနှင့် ငါးမွေးမြူရေးလုပ်ငန်းများ၊ နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ၊ ပြည်တွင်းရှိ စွမ်းအင်အရင်း အမြစ်များဖြစ်သည့် လေအား၊ ရေအား၊ နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်သည့်လုပ်ငန်းများ၊ စားသောက်ကုန်နှင့် အခြားကုန်ထုတ်လုပ်မှု လုပ်ငန်းများအား ဖိတ်ခေါ်ပြီး တိုင်းဒေသကြီးအတွင်း ဝင်ရောက်စေရေးအတွက် ကော်မတီအဖွဲ့ဝင်များအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်မှသာ တိုင်းဒေသကြီးအတွင်းရှိ ဘွဲ့ရလူငယ်များနှင့် ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းများအား ဖန်တီးပေးနိုင်မှာဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းအခြေအနေများနှင့် ဆန်နှင့် သီးနှံကြိတ်ခွဲရေးသုံး စက်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် NCY International Co., Ltd. ၏ တည်ဆောက်ရေးကာလ ဒုတိယအကြိမ် သက်တမ်းတိုးမြှင့်ပေးရန် တင်ပြလာခြင်းနှင့် ကျောက်စိမ်း၊ ကျောက်မျက်အချောထည်နှင့် လက်ဝတ်ရတနာထုတ်လုပ်မှုလုပ်ငန်း ဆောင်ရွက်နေသည့် Pyi Kyaw Aung Htay Gems Co., Ltd. မှ တည်ဆောက်ရေး ကာလ ဒုတိယအကြိမ် တိုးမြှင့်ခွင့်တင်ပြလာခြင်းနှင့် အပန်းဖြေဥယျာဉ်၊ ခေတ်မီကစား ကွင်းဝန်ဆောင်မှုလုပ်ငန်း တည်ဆောက်ရေးကာလ ပထမအကြိမ် တိုးမြှင့်ခွင့် တင်ပြလာခြင်းတို့အား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး NCY International Co., Ltd. မှ တာဝန်ရှိသူတစ်ဦးက မိမိတို့၏ စက်ရုံမှ စွန့်ဦးတည်ထွင်ထုတ်လုပ်သွားမည့် စက်ပစ္စည်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီ အဖွဲ့ဝင်များက ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြကြသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)