သရက်ချောင်းမြို့နယ်တွင် ဒေသထွက် တညင်ရွက်များ ဆွတ်ခူးရောင်းချရာမှ မိသားစု အပိုဝင်ငွေရရှိ

သရက်ချောင်း မတ် ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကျေးရွာအုပ်စုများနှင့် မြို့ပေါ်ရပ်ကွက်နေ ပြည်သူအများစုက ပြင်ပလုပ်ငန်းအပြင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြရာ ဥယျာဉ်ခြံများနှင့် နေအိမ်ခြံအတွင်း၌ တညင်ပင်များ စိုက်ပျိုးရာမှ ယခုအခါ တညင်ရွက်များ ပေါများစွာထွက်ရှိသဖြင့် တညင်ရွက်များဆွတ်ခူးရောင်းချရာမှ တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအတွင်းရှိ တောင်သူများသည် နှစ်ရှည်သီးနှံများနှင့် ရာသီပေါ်သီးနှံများစိုက်ပျိုးကြရာ တညင်ပင်များသည် ရာသီမရွေး ဆွတ်ခူးနိုင်သော နှစ်ရှည်အပင်များဖြစ်ပြီး တညင်ရွက်များ ခူးဆွတ်ရောင်းချကြရာ စည်းငယ် (၅)စည်းတွဲ တစ်စည်းလျှင် ၃၀၀ ကျပ်မှ ၅၀၀ ကျပ်ဖြင့်လည်ကောင်း၊ စည်းကြီး(၅)စည်းတွဲ တစ်စည်းလျှင် ၅၀၀ ကျပ်မှ ၈၀၀ ကျပ်ဖြင့် ရောင်းချရကြောင်း၊ တညင်ရွက်များကို ထားဝယ်မုန့်ဟင်းခါး ချက်ပြုတ်ရာတွင် အဓိကအသုံးပြုသူများက ဝယ်ယူကြကြောင်း ဆွတ်ခူးရောင်းချသူ တောင်သူများထံမှ သိရသည်။

ပြည့်ဖြိုးပိုင်(သရက်ချောင်း)