မုံရွာ မတ် ၂၉
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် (၄၆)ကြိမ်မြောက် အစိုးရ ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့မွန်းတည့် (၁၂)နာရီက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံ စာဖြေဌာနနှင့် မိုးလုံလေလုံခန်းမ စာဖြေဌာနတို့တွင် စတင်၍ အေးချမ်းစွာ ဖြေဆိုလက်ရှိကြောင်း သိရသည်။
အစိုးရ ပါဠိပထမပြန်စာမေးပွဲ ပထမနေ့တွင် ပထမကြီးတန်းတွင် ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၁၆၈)ပါး၊ ပထမလတ်တန်းတွင် အပါး(၁၆၆)၊ ပထမငယ်တန်းတွင် (၂၅၄)ပါး၊ အခြေပြုမူလတန်းတွင် ရဟန်း၊ သာမဏေ၊ သီလရှင်နှင့် လူပုဂ္ဂိုလ် စုစုပေါင်း (၃၄၃)ပါး၊ စုစုပေါင်း ရဟန်း ရှင်သာမဏေနှင့် သီလရှင်၊ လူပဂ္ဂိုလ် စုစုပေါင်း (၉၁၁)ပါး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုခဲ့ကြသည်။
၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲကို မတ် ၂၈ ရက်နေ့မှ ဧပြီ ၃ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ ၂၀၂၃ ခုနှစ် ဓမ္မစရိယစာမေးပွဲတွင် ပါရာဇိက ဘာသာရပ်ကို မတ်လ (၂၁)ရက်နေ့မှ မတ်လ(၂၂)ရက်နေ့အထိ (၁၀၆)ပါး၊ သီလက္ခန္ဓ ဘာသာရပ်ကို မတ်လ (၂၃)ရက်နေ့မှ မတ်လ(၂၄)ရက်နေ့အထိ (၁၂၄)ပါး၊ ဓမ္မသိင်္ဂဏီ ဘာသာရပ်ကို မတ်လ (၂၅)ရက်နေ့မှ မတ်လ(၂၆)ရက်နေ့အထိ (၆၅)ပါး၊ မြန်မာ(ဂုဏ်ထူး)ဘာသာရပ်ကို မတ်လ (၂၈)ရက်နေ့တွင် (၂၁)ပါး၊ ပါဠိ(ဂုဏ်ထူး) ဘာသာရပ်ကို မတ်လ(၂၉)ရက်နေ့မှ မတ်လ (၃၀)ရက်နေ့အထိ (၉)ပါးဖြေဆိုမည်ဖြစ်ပြီး စာဖြေသံဃာတော်၊ ရှင်သာမဏေနှင့် သီလရှင်များ စိတ်အေးချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် စာမေးပွဲ ကြီးကြပ်ရေးအဖွဲ့ သြဝါဒဆရာတော်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးဌာန၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ဥပထမ္ဘကအဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက ပူးပေါင်းဆောင်ရွက်ပေးကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)