လှိုင်းဘွဲ မတ် ၂၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကော့ဝန်းကျေးရွာတွင် ပညာတော်သင်ထောက်ပံ့ရေး အသင်း၏ (၄၃)ကြိမ်မြောက် ဂုဏ်ပြုပူဇာသဘင်၌ ဘွဲ့တံဆိပ်တော်ရဆရာတော်များနှင့် သာသနာ့အာဇာနည်များအား ချီးကျူးပူဇော်ပွဲ ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ကော့ဝန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ် ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ကွမ်ဘီကျောင်း ဆရာတော် ဘန္ဒန္တဝိသုဒ္ဓါစာရထံမှ ငါးပါးသီလခံယူခြင်းနှင့်ဩဝါဒတရားတော်များ ချီးမြှင့်ခဲ့သည်။ ထို့နောက် မြို့နယ် သာသနာ့ဝေပုလ္လအသင်း အကျိုးတော်ဆောင် အရှင်အဂ္ဂဝံသ၊ တွဲဖက်အကျိုးတော်ဆောင် မဲဆမိတ် ကျောင်းဆရာတော် အရှင်စန္ဒရတို့က ဘွဲ့တံဆိပ်တော်ရ ဆရာတော်များနှင့် သာသနာ့အာဇာနည်များအား ဂုဏ်ပြုပူဇော်ပွဲကို နှစ်စဉ်ဆောင်ရွက်ခြင်းအားဖြင့် သာသနာ့အာဇာနည်များများစွာ ပေါ်ထွက်လာခြင်း၊ ကြိုးစားအားထုတ်ရန် စိတ်အားထက်သန်လာခြင်း၊ သာသနာပြန့်ပွားရေးလုပ်ငန်းများအား ပိုမိုဆောင်ရွက်လာနိုင်ခြင်း၊ မြို့နယ်အတွင်း ဂုဏ်ပြုပူဇော်ပွဲ ဆောင်ရွက်နိုင်ရေးအတွက် အလှူရှင် ဒါယိကာ၊ဒါယိကာမများထံမှ ပါဝင်ဆောင်ရွက်နိုင်ရေး လှည့်လည်အလှူခံခြင်းတို့ကို ဆွေးနွေးတင်ပြခဲ့ပြီး မြို့နယ်သာသနာ့ ဝေပုလ္လအသင်းဥက္ကဋ္ဌ ဦးစောဖါးကလူးက အလှူငွေများ ရ/သုံး စာရင်းရှင်းလင်းခြင်းနှင့် အထွေထွေဆွေးနွေးတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)