ပန်းချီဆိုသည်မှာ မြင်သမျှ တွေ့သမျှ စဉ်စားတွေးခေါ် ရသမျှကို ဘာမှမရှိသော နံရံပိတ်ကား စက္ကူလွတ်များပေါ်တွင် ပုံပန်းသဏ္ဍာန် သရုပ်ဖော်ရေးဆွဲ ဆေးခြယ်ခြင်းကို ပန်းချီဟုခေါ်သည်။ ပန်းချီသည် လူတို၏ စိတ်အာရုံကို အဆွဲဆောင်နိုင်ဆုံးနှင့် ခံစားမှု ရသများစွာ ပေးစွမ်း နိုင်သောကြောင့် သုခုမပညာရပ်၏ ဘုရင်ဟုတင်စားခေါ်ဝေါ်ကြသည်။
မြေနီမြေဝါမြေဖြူများဖြင့်အရုပ်များဆွဲ
ပန်းချီအတတ်သည် စာရေးခြင်းအတတ်ထက် ဦးစွာပေါ်ပေါက်ခဲ့သည်။ ရှေးလူတို့သည် စကားလုံး မကြွယ်ဝသေးသဖြင့် မိမိဆိုလိုချက်ကို အရုပ်ရေးပြကြရသည်။ ထို့ကြောင့် ရုပ်ပုံတစ်ပုံသည် စကားလုံး တစ်ထောင်ခန့် တာသွားသည်ဟု တရုတ်စကားပုံတစ်ခုက ဆိုလေသည်။ ရှေးခေတ်လူတို့က ဂူနံများပေါ်တွင် အနီးအပါး၌ အလွယ်တကူရရှိနိုင်သော မြေနီ၊ မြေဝါ၊ မြေဖြူ၊ မီးခွက်မှိုင်း၊ မီးသွေးခဲများဖြင့် အရုပ်များ ရေးဆွဲကြသည်။ နောင်အခါ ခဲတံ၊ မင်တံ၊ စုတ်တံများကို အသုံးပြုလာကြသည်၊ ရုပ်ပုံပန်းချီ ရေးဆွဲရာတွင် ရေဆေးနှင့် ဆီဆေးဟူ၍ နှစ်မျိုးရှိသည်။ ဆီဆေးသည် ရေဆေးထက်ပို၍ အဆွဲရခက်သည်။ သို့သော် ဆီဆေးပန်းချီကားသည် ရေဆေး ပန်းချီကားထက် ပို၍အရောင်စိုပြီး အေးမြသော ရာသီဥတုရှိသည့် နိုင်ငံများနှင့် သင့်တော်သည်။ ရေဆေးကို လွယ်ကူပြီး အမြန်ပြီးနိုင်သော ပန်းချီကားများအတွက် အသုံးများလေသည်။
သိန်းသန်းချီ၍အဖိုးတန်
ပန်းချီပညာသည် ဓာတ်ပုံပညာ မပေါ်မှီ ရှေးပဝေသဏီကပင် ပေါ်ပေါက်ခဲ့သော ပညာရပ် ဖြစ်သည်။ လက်ရာကောင်းသော ပန်းချီကားများသည် နှစ်ပရိစ္ဆေဒ ကြာမြင့်သည့်တိုင်အောင် သိန်းသန်းချီ၍ အဖိုးတန်လျက်ရှိသည်။ ဓာတ်ပုံရိုက်၍ မရသော အရာများကို ပန်းချီကားက ပုံဖော်နိုင်သဖြင့် ပန်းချီကားအတတ်သည် မတိမ်ကောခြင်းဖြစ်သည်။ ပန်းချီကား တစ်ချပ်ကို လေ့လာသုံးသပ်ပြီး နားလည်သဘော ပေါက်ပါက စိတ်တည်ငြိမ် ချမ်းမြေ့မှု အရသာကို ခံစားရသော သုခုမ ပညာရပ်တခုဖြစ်သည်။ သို့သော် ခံစားတတ်ရန်မှာ မလွယ်ကူချေ။
စာပေကျမ်းဂန်တို့တွင်ဖော်ပြ
ကမ္ဘာဦး လူတို့၏ ကောက်ကြောင်းပန်းချီသည် သဘာဝကျခြင်း၊ ဟန်ပန်အမူအရာနှင့် ပြည့်စုံခြင်းတို့ကြောင့် ယခုခေတ် ပန်းချီအကျော် အမော်များပင် အံ့ဩချီးကျူးရသည်။ သဘာဝနှင့် ရင်းရင်းနှီးနှီး လေ့လာဆက်ဆံရသော ဂူအောင်းပန်းချီ ဆရာများသည် မျက်မြင်ကိုယ်တွေ့ ဗဟုသုတကိုမှီ၍ ဖော်ပြထားခြင်းဖြစ်သည်။ ခေတ်ဦးအခါက ပန်းချီလက်ရာများသည် ကာလစား၍ ကွယ်ပျောက်ကုန်သော်လည်း ရှေးဟောင်း စာပေကျမ်းဂန်တို့တွင် ဖော်ပြချက်များအရ ရာဇဝင်ဒဏ္ဍာရီ၊ ရွှေဘုံနိဒါန်း၊ မင်းခန်းမင်းနားနှင့် အဆို၊ အက၊ အတီး၊ အမှုတ်စသော အကြောင်းအရာများကို ရေးခြယ်ကြသည်ဟု သိရသည်။
ထီးသုံးနန်းသုံးပန်းချီများ
ပုဂံခေတ်တွင် ပန်းချီရေးသော ကြောင်းခြင်းရာများသည် ဗုဒ္ဓဝင်နိပါတ်နှင့် စပ်သည်သာ များသည်။ နှောင်းခေတ် ကာလသားများတွင် ဗုဒ္ဓဝင်နိပါတ် တို့သာမက မင်းနှင့်စပ်သော အကြောင်း ခြင်းရာများတို့လည်း ပါဝင်လာသည်။ အတွင်းတော် အမိန့်နှင့်ဖြစ်စေ၊ လွှတ်တော်အမိန့်နှင့်ဖြစ်စေ ရေးဆွဲခိုင်းသော စီးတော်၊ ဆင်တော်၊ မင်းခန်းမင်းနားစသော ထီးသုံးနန်းသုံး ပန်းချီများကို ရေးဆွဲလာကြပြီး မြန်မာတို့၏ ဓလေ့သဘာဝ ပျော်ရွှင်မှုဆိုင်ရာ ပန်းချီကားများကိုလည်း ရေးဆွဲလာကြသည်။ ယခုခေတ် ပန်းချီဆရာများသည် အနောက်တိုင်းမှ မျက်မြင်ရုပ်သွင်ဖြင့် တင်စားရေးဆွဲခြင်းမပြုသော စိတ္တဇပန်းချီကို မြန်မာပရိသတ်က လက်မခံသေးချေ။ သို့သော် စိတ္တဇပန်းချီ လမ်းစဉ်သစ်ကို ကြားမြင်နေကြသော လူငယ် ပန်းချီဆရာ တချို့ကမူ လက်တည့် စမ်းလျက် ရှိလေသည်။
ဇေယျာထက် (မင်းဘူး)