ဖား​ဆောင်းမြို့၌ မြို့သန့်ရှင်းသာယာ​လှပ​ရေးစု​ပေါင်းသန့်ရှင်း​ရေးဆောင်ရွက်

ဖား​ဆောင်း မတ် ၂၈

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့၌ မြို့အင်္ဂါရပ်နှင့်ပြည့်စုံ​စေပြီး မြို့သန့်ရှင်းသာယာလှပ​စေ​ရေး၊ မီး​ဘေးအန္တရာယ်ကြိုတင်ကာကွယ်​စေ​ရေးအတွက် အပတ်စဥ်စုပေါင်းသန့်ရှင်း​ရေး​ဆောင်ရွက်လျက်ရှိရာ ယ​နေ့နံနက် ၇ နာရီက​​​မြောက်ပိုင်းရပ်ကွက်ရှိ ဌာနဆိုင်ရာရုံးများဖြစ်သည့် လျှပ်စစ်ရုံး​​​ဟောင်း၊ စိုက်ပျိုးရေးရုံးဝန်ထမ်းအိမ်ရာ၊ သမဝါယမဂို​တောင်​စသည့်​နေရာများ၏ ဘေးပတ်ဝန်းကျင်တွင်​ဆောင်ရွက်ခဲ့​ကြောင်းသိရသည်။

အဆိုပါစု​ပေါင်းသန့်ရှင်း​ရေး​ဆောင်ရွက်ရခြင်းရည်ရွယ်ချက်မှာ ပွင့်လင်းရာသီ​ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအ​ဆောက်အဦးများ၊​ ကျောင်းများ၊ ဆေးရုံများနှင့်အများပြည်သူပိုင်အ​ဆောက်အဦးများအား​ တောမီး​လောင်ကျွမ်းရာမှတစ်ဆင့် ကူးစက်​လောင်ကျွမ်းပျက်စီးဆုံးရှုံးမှုများမရှိ​စေ​ရေးအတွက် မီးတားလမ်းများပြုလုပ်ခြင်း၊ သစ်ရွက်​ခြောက်များသစ်ပင်များအမှိုက်များ ကြိုတင်ခုတ်ထွင်ရှင်းလင်းထားရခြင်းဖြစ်ကြောင်း မြို့အင်္ဂါရပ်နှင့်ညီ​စေရန်သန့်ရှင်း​ရေးသာယာလှပ​ရေးကို အ​လေးထား​ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ထို့​ကြောင့်အပတ်စဥ်စ​နေ​နေ့တိုင်းကို မြို့သန့်ရှင်း​ရေး​နေ့သတ်မှတ်၍စု​ပေါင်း​ဆောင်ရွက်ရခြင်း​ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူးဦးသက်မြင့်ဦးက​ ပြောကြားခဲ့သည်။

ထိုသို့စု​ပေါင်းသန့်ရှင်း​ရေး​ဆောင်ရွက်မှုကို မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၏လမ်းညွှန်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစု​ပေါင်းအင်အား(၁၀၈)ဦးက​​မြောက်ပိုင်းရပ်ကွက်ရှိ ဌာနဆိုင်ရာရုံးများ၏​ဘေးပတ်ဝန်းကျင်ရှိ သစ်ရွက်​ခြောက်များ၊ သစ်ပင်များ၊​ ပေါင်းမြက်များ၊ အမှိုက်သရိုက်နှင့်ခြုံနွယ်များကို ခုတ်ထွင်ရှင်းလင်းဖယ်ရှားခဲ့​ကြောင်း သိရသည်။

နန်းသဲနု​အောင်(ဖား​ဆောင်း)