ပန်းတနော် အောက်တိုဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ပန်းတနော်မြို့၌ ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ နောက်ဆုံးအကြိမ်အဖြစ် ယမန်နေ့နံနက် ၉ နာရီက စတင်၍ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ(၁)ရက်နေ့မှ (၁၄)ရက်နေ့ထိ နောက်ဆုံးအကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာကပ်ထားမည်ဖြစ်ပြီး မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ-၄(ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း၊ ဆန္ဒမဲစာရင်းတွင် မိမိအမည်မပါရှိပါက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက်နေထိုင်သူများ အနေဖြင့် ပုံစံ-၃(က) ဖြင့် လျှောက်ထားခြင်း၊ မဲစာရင်းတွင် ပါဝင်ရန်မသင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း များကို လျှောက်ထားလာသူများ ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်စိစစ်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပန်းတနော်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်ပါရှိမှသာ မဲပေးခွင့်ရရှိမည်ဖြစ်ပြီး ပြည့်စုံမှန်ကန်သော မဲစာရင်း ရရှိရန်အတွက် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး (မပျက်မကွက်) လာရောက်ကြည့်ရှုရန် အခက်အခဲရှိပါက မဲဆန္ဒရှင်စာရင်း ကြည့်ရှုစစ်ဆေးသည့် Web Application ဖြစ်သော findyourpollingstation.uec.gov.mm တွင် ဝင်ရောက်ကြည့်ရှု စစ်ဆေးနိုင်သည့်အပြင် Mobile Application ဖြစ်သော findyourpollingstation.apk ကို Download ရယူပြီး မဲစာရင်းတွင် မိမိအမည် ပါ/မပါ ကြည့်ရှုစစ်ဆေးကြရန် အသိပေးတိုက်တွန်း နှိုးဆော်ထားကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)