မုံရွာ မတ် ၂၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရပ်ကွက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးအတွက်၊ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဖြိုးက အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမှာဖြစ်တဲ့အတွက် ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် သင်တန်းများဖွင့်လှစ်ခဲ့ရာ ယခုဆိုလျှင် (၅၈)ကြိမ် ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ သင်တန်းမှ ရရှိလာသည့် ပညာရပ်တွေကို စိတ်ဝင်စားစွာ လေ့လာမှတ်သားကြရင်း မိမိတို့ရဲ့မိသားစု တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများကို ဆောင်ရွက်လုပ်ကိုင်သွားကြပြီး အောင်မြင်သော လုပ်ငန်းရှင်များဖြစ်အောင် ကြိုးစားသွားကြဖို့ လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဖြိုး၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက တက်ရောက်လာကြသည့် သင်တန်းသား သင်တန်းသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးပြီးနောက် သင်တန်းလက်တွေ့ ဆောင်ရွက်နေမှုများကို ကြည့်ရှ့အားပေးကာ လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ သင်တန်းသို့ မုံရွာမြို့နယ်အတွင်းရှိ စိတ်ပါဝင်စားသည့် သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်ကြပြီး အဝတ်လျှော်ဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ လက်ဆေး ဆပ်ပြာရည်၊ ဆပ်ပြာခရင်၊ ရေချိုးဆပ်ပြာရည်၊ Shampo၊ သဘာဝခေါင်းလျှော်ရည်၊ အမွှေးရည်၊ ကော်ဖီနနွင်းဆပ်ပြာခဲ၊ မန်ကျည်းဆပ်ပြာခဲ၊ ရှားစောင်းဆပ်ပြာခဲစသည့် ပြုလုပ်နည်းများကို သင်တန်းနည်းပြဆရာဆရာမများက မတ်လ ၂၇ ရက်နေ့မှ စတင်ပြီး မတ်လ (၃၁)ရက်နေ့အထိ သင်တန်းကာလ (၅)ရက်အကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း (မုံရွာ)အနေဖြင့် ခရိုင်၊ မြို့နယ်အတွင်းရှိ ပြည်သူများ အလုပ်အကိုင်အခွင့်များ ရရှိနိုင်စေရန်နှင့် သက်ဆိုင်ရာ အဆင့်မြင့်ကျောင်းများနှင့် ချိတ်ဆက်၍လည်း စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း၊ သီးနှံအခြေခံယိုမျိုးစုံထုတ်လုပ်မှု နည်းပညာ သင်တန်း၊ အခြေခံစက်ချုပ်သင်တန်း ၊ချည်မျှင်နှင့်အထည်ကျွမ်းကျင်သူ တစ်နှစ်သင်တန်း၊ လက်ရက်ကန်း ခြောက်လသင်တန်းနှင့် မုန့်မျိုးစုံ၊ ဖျော်ရည်၊ ယိုစုံအမျိုးမျိုးထုတ်လုပ်မှုနည်းပညာပေး သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)