ယင်းမာပင် အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မြို့နယ်အတွင်းရှိ ရွာများ၌ Cash for Work စီမံကိန်းနှင့် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ချေးငွေလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာ လုပ်ငန်းများအားလုံး ၁၀၀ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
Cash for Work စီမံကိန်းလုပ်ငန်းများကို စိုင်လျှားကျေးရွာ၊ စည်လှောင်ကျေးရွာ၊ ဝါးရုံကျေး ရွာ၊ ကံစုကျေးရွာ၊ ကပြူကျေးရွာနှင့် မင်းကံတိုက်ကျေးရွာများမှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ကျေးရွာမတည ်ရန်ပုံငွေစီမံကိန်း (VRFP) ချေးငွေလုပ်ငန်းကို မင်းမကုန်း ကျေးရွာ၊ လက်ပံတောကျေး ရွာ၊ နှောပင်ကျေးရွာ၊ နုံးကြီးကျေးရွာ၊ လက်တောင်းငယ်ကျေးရွာနှင့် ကျွန်းတော ကျေးရွာများမှာ လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
"Cash For Work စီမံကိန်းနဲ့ ဆောင်ရွက်တဲ့လုပ်ငန်းများကတော့ မြေသားရေကန် တူးဖော်ခြင်း၊ ခြံစည်းရိုးကာခြင်း၊ ကျေးရွာတွင်းလမ်း ဂျင်းမြေခင်းခြင်း၊ ရေမြောင်းတူးဖော် ခြင်းနှင့် အမှိုက်ကျင်းတူးခြင်းလုပ်ငန်းများ ဆောင်ရွက်ပါတယ်။ ဒီလုပ်ငန်းများ ကို ကျေးရွာ လူထုကိုယ်တိုင် ရွေးချယ်ခဲ့ပြီး စီမံကိန်းကာလအနေဖြင့် သုံးလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တာဟာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို ၎င်းတို့ ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခငွေ ပေးချေခြင်းဖြင့် ဒေသခံပြည်သူများ နေ့ချင်း ဝင်ငွေရရှိသလို ကျေးရွာတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ကျန်စေခဲ့မှာဖြစ်တဲ့ စီမံကိန်းလုပ်ငန်းလည်း ဖြစ်ပါတယ်။ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း(VRFP)ချေးငွေ လုပ်ငန်းကတော့ မြစိမ်းရောင် လုပ်ငန်းသကဲ့သို့ ရန်ပုံငွေကြီးကြပ်မှုကော်မတီများဖွဲ့စည်း၍ ၎င်းတို့ကို သင်တန်းပေးကာ ကျေးရွာ ပြည်သူများ ကိုယ်တိုင်ဆောင်ရွက်ရတဲ့ လုပ်ငန်းပဲဖြစ်ပါတယ်" ဟု မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သန်းက ပြောပြသည်။
သန်းဌေးအောင်(ကနီ)