ဖားဆောင်း မတ် ၂၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် ပဒေသာကပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပြီးဖြစ်၍ မိဘများအနေဖြင့် ကလေးငယ်များအား အခြေခံပညာကျောင်းများ၌ လာမည့်စာသင်နှစ်များတွင် (KG) တန်းသို့ မဖြစ်မနေပို့သင့်ကြောင်း၊ စာသင်ကြားလိုစိတ်ရှိအောင် မိမိတို့သား၊ သမီးများကို ဆုံးမသွန်သင်၍ ပညာကိုသင်ယူကြစေလို့ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူ (၁၅) ဦးအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ကို ပေးအပ်ခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက ပဒေသာအကများဖြင့် သရုပ်ဖော်ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းဆင်းဂုဏ်ပြုလက်မှတ်ပေးအပ်ပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကျောင်းကော်မတီနှင့် ဖိတ်ကြားထားသော တာဝန်ရှိသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နန်းသဲနုအောင်