မြို့သစ် အောက်တိုဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းသက်သာစေရန်နှင့် ဒေသခံပြည်သူများ ဝင်ငွေရှိစေရန် Cash for Work စီမံကိန်းဖြင့် မြို့သစ်မြို့အတွင်းရှိကျေးရွာ (၃)ရွာတွင် ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီး သွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ Cash for Work စီမံကိန်းဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သော ကျေးရွာများမှာ ဖိုင်လင်းကျေးရွာ၊ နန်းအောင်မော်ကျေးရွာနှင့် နောင်ကက်(ဟောင်း)ကျေးရွာတို့ဖြစ်ပြီး Box Culvert တည်ဆောက်ခြင်း လုပ်ငန်းနှစ်ခု၊ ရေပြွန်(၄)စင်းတည် ဆောက်ခြင်း လုပ်ငန်းတစ်ခု၊ ရေမြောင်းတူး ဖော်ခြင်း လုပ်ငန်း သုံးခု၊ ရေပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းနှင့် ရွာတွင်းလမ်းချောင်းသဲ ကျောက်ခင်းခြင်းလုပ်ငန်းတို့ကို ယခုနှစ် ဇူလိုင်လ(စတုတ္ထပတ်)မှ စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်ကြောင်း တမူးမြို့နယ် ကျေးလက် ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ အကျိုးဆက် သက်ရောက်ခြင်း ခံရသောကျေးလက်ဒေသများရှိ ပြည်သူများအား ၎င်းတို့ကျေးရွာ၏ ကုန်ထုတ် လုပ်ငန်းနှင့် အခြေခံ အဆောက်အဦဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၄င်းတို့ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခ ငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာများတွင် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ Cash for Work စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ထွန်းမင်းအောင် (ကဘော်မြေ)