မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

မင်းဘူး အောက်တိုဘာ ၂

မကွေးတိုင်းဒေသကြီ၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် မဲဆန္ဒရှင်များကို ယမန်နေ့ နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် စတင်ကြေညာထားရှိ ကြောင်း သိရသည်။

ထိုသို့ကြေညာထားရာတွင် “အောက်တိုဘာ (၁) ရက်နေ့ မှ (၁၄) ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် နောက်ဆုံးအကြိမ် ထုတ်ပြန် ကြေညာ ပေးထားခြင်းဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရေးကို Online မှတဆင့်ကြည့်ရှု စစ်ဆေး နိုင်သလို မဲဆန္ဒ ရှင်များကိုယ်တိုင် အိမ်ထောင်စုတစ်စုလျင် အနည်းဆုံးတစ်ဦး လာရောက် ကြည့်ရှုစစ်ဆေးခြင်းဖြင့် ပူးပေါင်း ပါဝင်ကူညီဆောင်ရွက်ပေးစေ လိုကြောင်း” မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ရည်မွန်ဖွေးက ပြောသည်။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် တောင်ဆိုရန်လိုအပ်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည် ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများ စသည့် လိုအပ်သောပုံစံများကို သက်ဆိုင်ရာ ရပ်/ကျေးအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် ထုတ်ယူနိုင်ကြောင်း၊ ယခုအခါ ဒုတိအကြိမ် ၁၄ ရက် ကပ်ထားကြေညာထားခြင်းမှာ နောက်ဆုံးအကြိမ်ဖြစ်ကြောင်း မင်းဘူးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။      မင်းဘူး(စကု)မြို့နယ်အတွင်း ရပ်ကွက် (၇) ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း (၇၄) အုပ်စုနှင့် ကျေးရွာပေါင်း (၁၅၀) ရှိပြီး၊ မဲရုံးပေါင်းစုစုပေါင်း (၁၇၀) ကျော်ဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မင်းဘူး(စကု)မြို့နယ် အတွင်း ဒုတိယအကြိမ်မဲဆန္ဒရှင် ကပ်ထားကြောညာစာရင်းမှာ ကျား (၆၆၄၀၀) ဦး၊ မ (၇၅၈၂၆) ဦး စုစုပေါင်း (၁၄၂၂၂၆) ဦးရှိကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)