မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ အထူးရဲများအား သင်တန်းပို့ချ

မိုးညို  အောက်တိုဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ယမန်နေ့နံနက်(၈)နာရီက မဟာသုမင်္ဂလ သီဟကြေးသွန်းဘုရားကြီးတွင် အထူးရဲသင်တန်း ဖွင့်လှစ်ခဲ့ရာ သင်တန်းဖွင့်ပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး အောင်ဇော်ခန့်က အမှာစကားပြောကြားခဲ့ပြီး သင်တန်းသို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်တရားသူကြီး၊ ဌာနဆိုင်ရာများနှင့် အထူးရဲတပ်ဖွဲ့ဝင်(၄၄)ဦး တက်ရောက်ခဲ့သည်။

သင်တန်းတွင် မြို့မစခန်းမှူး ဒုရဲမှူး ကျော်စိန်ဝင်းမှ အထူးရဲသင်တန်းသားများအား ရဲကျင့်ဝတ် ဘာသာရပ်များ သင်ကြားပို့ချပေးပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

အဆိုပါသင်တန်းတွင် လူ့အခွင့်အရေးဘာသာရပ်၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေဘာသာရပ်၊ ရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ် သတင်းမီဒီယာဥပဒေနှင့် ကျင့်ဝတ်၊ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေ၊ ရဲကျင့်ဝတ် ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။ အထူးရဲများအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများကို ရေကင်စခန်း၊ ထိန်တောစခန်း၊ ဆင်မနိုင်(အထက) ကျောင်းများတွင် သက်ဆိုင်ရာ စခန်းမှူးများမှ ဦးစီး၍ ပို့ချပေးသွားမည်ဖြစ်ပြီး အထူးရဲ(၁၁၇)ဦးအား (အောက်တိုဘာလ ၁ ရက်နေ့မှ ၁၈ ရက်နေ့ထိ) ခွဲ၍ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စန္ဒာလင်း(မိုးညို)