တနင်္သာရီ အောက်တိုဘာ ၁
၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက် ပွဲတွင် မဲဆန္ဒရှင်မိဘပြည်သူများမှ မဲဆန္ဒရှင်စာရင်းတွင် မိမိတို့၏အမည်စာရင်းပါ/မပါကိုကြိုတင် သိရှိနိုင်ပြီး ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်အတွက် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးအောင်နှင့်ကော်မတီဝင် မြို့နယ်အဆင့်ဌာန ဆိုင်ရာဦးစီးမှူး များသည် ယမန်နေ့ နံနက် ၈နာရီအချိန်က လူစည်ကားရာနေရာများတွင် မိဘပြည်သူများ၊ ဈေးရောင်းဈေးဝယ်သူများ၊ ခရီးသွားများထံ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှထုတ်ဝေပေးပို့သော ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို အောင်မင်္ဂလာ(၂)ဈေး၊ယာယီပျံကျဈေးနှင့်မြို့အဝင် ကိုဗစ်-၁၉စစ်ဆေး ဂိတ်နေရာများတွင် စောင့်ဆိုင်း၍ အခမဲ့ဖြန့်ဝေပေးကြကြောင်း သိရှိရသည်။ ယင်းသို့လက်ကမ်းစာစောင်များဖြန့်ဝေပေးရာတွင် သင့်အမည် မဲဆန္ဒရှင်စာရင်းမှာပါ/မပါ စစ်ဆေးပြီးပြီလား ၊ အတူတကွ မဲပေးကြစို့၊ ဖြည့်စွက်ရန်လိုအပ်မယ့် ပုံစံအမျိုးအစားများကိုဖော်ပြ ပါရှိသော လက်ကမ်းစာစောင်နှင့် မဲဆန္ဒရှင်ပြည်သူများ မကြာခဏမေးလေ့မေးထရှိသော မဲဆန္ဒရှင် စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများဟု ပါရှိသော လက်ကမ်းစာစောင်နှစ်စောင်ကို ဖြန့်ဝေပေးရင်း အွန်လိုင်းကတစ်ဆင့် မဲဆန္ဒရှင်စာရင်း ပါ/မပါစစ်ဆေးနည်းများကိုလည်း ရှင်းလင်းပြောပြခဲ့ကြ သည်။ ထို့အပြင် ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးပါ။ သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါစစ် ဆေးပြီးပြီလား.. စသည့် ပိုစတာစာရွက်များကိုလည်း လူအသွားအလာအဓိကကျသော ပြည်သူ့စာ ကြည့်တိုက်အရှေ့ရှိ မြေစိုက်ဘုတ်နှင့် လက္ဘရည်ဆိုင်/စားသောက်ဆိုင်များအရှေ့တို့တွင် ကပ်ထား ကြေငြာပေးကြကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)