မကွေး မတ် ၂၈
၂၀၂၃ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မကွေးတပ်နယ်မှူး၊ တက္ကသိုလ်အသီးသီးရှိ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဂုဏ်ထူးဆောင် ဆုရရှိသည့် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အမှတ်(၈၈)ခြေမြန်တပ်မဌာနချုပ်ရှိ တပ်မတော်သားများနှင့် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီးမှ ဝန်ထမ်းများက တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး၏ ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ပစ္စည်းများ ချီးမြှင့်ခြင်းကို နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုနှစ်တွင် (၇၈)နှစ်မြောက်တပ်မတော်နေ့တွင် ချီးမြှင့်ခြင်းဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ဂုဏ်ထူးဆောင် လက်မှတ်များနှင့် ဂုဏ်ပြုလက်မှတ်ရရှိသူများကို ထူးချွန်ဆုနှင့်ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်အပ်နှင်း သွားမည်ဖြစ်ပါကြောင်း၊ ဂုဏ်ထူးဆောင်ဘွဲ့လက်မှတ်များနှင့် ဆုတံဆိပ်များကို နိုင်ငံတော်ကို အုပ်ချုပ်ခဲ့ကြသော နိုင်ငံတော်အစိုးရ အဆက်ဆက်က နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုစောင့်သိ၍ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသောပုဂ္ဂိုလ်များ၊ နိုင်ငံတော်အား သက်စွန့်ကြိုးပမ်း ကာကွယ်စောင့်ရှောက်သူများ၊ စိုက်ပျိုးရေး၊ လူမှုရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ထူးချွန်သူများ၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်သူများ၊ စက်မှုလက်မှုဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်သူများနှင့်သာသနာရေးကို အားပေးဆောင်ရွက်သောပုဂ္ဂိုလ်များအား ချီးမြှင့်အပ်နှင်းခဲ့ကြီးပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ညီညွတ်ရေးအတွက် ကောင်းမြတ်သော အစဉ်အလာတစ်ရပ်ဖြစ်သည့်အပြင် ဂုဏ်ထူးဆောင်ပွဲ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်မှုသည် နိုင်ငံတော်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးကျေးဇူးများစွာရရှိခဲ့ပြီး လူငယ်များ နည်းယူစရာ၊ အတုယူဖွယ်ရာများ ဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့က ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင်ခံရသူများသည် တိုင်းဒေကြီးအတွင်း ကဏ္ဍအလိုက် ထူးချွန်စွာ ဆောင်ရွက်ခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ၊ အသင်းအဖွဲ့များနှင့် လူပုဂ္ဂိုလ်များကို ချီးမြှင့်ခြင်းဖြစ်ကာ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ထူးဆောင် ပစ္စည်းများရရှိသူများသည် မိမိတို့လုပ်ငန်းတာဝန်များကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြသဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က မှတ်ကျောက်တင်ခြင်းခံရသည့် သင်္ကေတအမှတ်အသားတစ်ခု ဖြစ်ပါကြောင်း၊ ဂုဏ်ပြုချီးမြှင့်ထိုက်သူများကို ဂုဏ်ပြုချီးမြှင့်ခြင်းသည် မင်္ဂလာတရားတော် နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သလို တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများကို တိုင်းဒေသကြီးအစိုးရအဖွဲ့နေဖြင့် မှတ်တမ်းတင်ဂုဏ်ပြုခြင်း ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မပျက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆုချီးမြှင့် အပ်နှင်းခြင်းခံရသူများ၏ လုပ်ဆောင်ချက်များအား ဗီဒီယိုကလစ်များ ပြသခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆုရရှိသူများအား ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင် ပစ္စည်းများအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းဒေသကြီတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ၂၀၂၃ ခုနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့် စီမံခန့်ခွဲရေးဆိုင်ရာဂုဏ်ထူးဆောင်ဆု၊ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဂုဏ်ထူး ဆောင်ဆု၊ စီးပွားရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆုနှင့် စက်မှုလက်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဆု၊ စိုက်ပျိုးရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု၊ လူမှုရေးဆိုင်ရာဂုဏ်ထူးဆောင်ဆုနှင့် ပညာရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု၊ အားကစားဆိုင်ရာဂုဏ်ထူးဆောင်ဆု၊ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ ဂုဏ်ထူးဆောင်ဆု၊ မွေးမြူရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆုနှင့် ခေတ်မီစံပြကျေးရွာ ဂုဏ်ထူးဆောင်ဆုရ ချီးမြှင့်ခံရသူများအား ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ပစ္စည်းများအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ယင်းနောက် အဆိုဝါသနာရှင်များ၊ အခြေခံကျန်းမာရေးတက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများ၊ ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/သူများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများက ဗိုလ်ရှုသဘင်တေးသီးချင်း၊ ထာဝရသစ္စာ၊ မြန်မာ့ကြွေးကြော်သံနှင့် ထာဝရမြန်မာတေးသီချင်း များဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က တေးသီးချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြသူများအား ဆုငွေ(၁၈)သိန်းကျပ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၃ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားတွင် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု(၁၁၀)ဆု၊ စီမံခန့်ခွဲရေးဆိုင်ရာဂုဏ်ထူးဆောင်ဆု(၂၇)ဆု၊ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဂုဏ်ထူးဆောင်ဆု(၂၉)ဆု၊ စီးပွားရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု(၄)ဆု၊ စက်မှုလက်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဆု(၂)ဆု၊ စိုက်ပျိုးရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု(၁၁)ဆု၊ လူမှုရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု (၅)ဆု၊ ပညာရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု(၄)ဆု၊ အားကစားဆိုင်ရာ ဂုဏ်ထူးဆောင်ဆု(၆၃)ဆု၊ ယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာ ဂုဏ်ထူးဆောင်ဆု(၉)ဆု၊ မွေးမြူရေးဆိုင်ရာဂုဏ်ထူးဆောင်ဆု (၅)ဆုနှင့် ခေတ်မီစံပြကျေးရွာ ဂုဏ်ထူးဆောင်ဆု(၁)ဆု စုစုပေါင်း ဂုဏ်ထူးဆောင်ဆု(၂၇၀)ဆု အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)