ဒေးဒရဲ မတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်အဆင့် မူလတန်းဆင့် ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားအား ယနေ့ နံနက် (၉)နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး သက်နိုင်ဦးက အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး မြို့နယ်ပညာရေးမှူး ဦးလှစိုးက ပြောကြားရာတွင် အထက်တန်း၊ အလယ်တန်းအဆင့်များအား မတ်လ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဆွေးနွေးပွဲများ ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ယခု မူလတန်းအဆင့်ဆွေးနွေးပွဲ တွင် မသိနားမလည်သည်များကို နားလည်သည်အထိ အပြန်အလှန်ဆွေးနွေးသွားကြရန် လိုအပ် ကြောင်းနှင့် ဆွေးနွေးပွဲဆောင်ရွက်ပေးရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲအား နည်းပြဆရာ၊ ဆရာမ (၃၁)ဦးက ဦးဆောင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ မတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ကြောင်း၊ ဒေးဒရဲမြို့နယ် အတွင်းရှိ မူလတန်းအဆင့် ဆရာ၊ ဆရာမ (၈၉၄)ဦး တက်ရောက်လျက်ရှိကြောင်းနှင့် ဆွေးနွေးပွဲ အား အထက(၁)နှင့် အထက(၂)တို့တွင် တစ်ပြိုင်တည်းဖွင့်လှစ် ပေးလျက်ရှိကြောင်း မြို့နယ်ပညာ ရေးမှူးရုံးက သိရသည်။
အေဇာလင်း