နတ်မောက်မြို့နယ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး

နတ်မောက် မတ် ၂၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းဖြင့် အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများအား ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဘုန်းတော်ပြည့်ကျေးရွာနှင့် ဆင်သေကန်ကျေးရွာများသို့ ကွင်းဆင်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းသူရနှင့် တာဝန်ခံဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီဝင်အဖွဲ့ဝင်များနှင့်အတူ ဘုန်းတော်ပြည့်ကျေးရွာနှင့် ဆင်သေကန်ကျေးရွာများသို့ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်မှုများနှင့် စာရင်းဇယားများ ဆောင်ရွက်ထားရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျေးရွာကော်မတီဝင်များမှ  ငွေစာရင်းလုပ်ငန်းများ သတ်မှတ်ထားသည့်အတိုင်း ဖြည့်သွင်း ဆောင်ရွက်ထားကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါကျေးရွာပေါင်း (၄၀) ရွာရှိ အိမ်ထောင်စုပေါင်း (၅၅၆၅) စုမှ ငွေကျပ် (၁၇၆၁ ဒဿမ ၇၄)သန်းဖြင့် ဝင်ငွေတိုးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းသူရထံမှ သိရသည်။

မူမူစန်း