ဟားခါးမြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

ဟားခါး မတ် ၂၅

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ဒေသခံပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ဖြစ်သော ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဝက်သား၊ ကြက်သားနှင့် ဟင်းသီးဟင်းရွက်များကို ပြင်ပပေါက်စျေးထက် သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် မတ်လ ၂၅ ရက် နံနက် ၈ နာရီမှ ၁၀ နာရီအထိ ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်၊ ချင်းပြည်နယ် လွှတ်တော်ရုံးရှေ့တွင် ရောင်းချပေးလျက်ရှိရာ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက ဝယ်ယူလျက်ရှိကြကြောင်း သိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောစျေးနှုန်းဖြင့် ရောင်းချခြင်းကို ပြည်နယ် အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရောင်းချပေးခြင်းဖြစ်ပြီး ဆန်၊ ပဲဆီ၊ နေကြာဆီ၊ ဆား၊ ခေါက်ဆွဲခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ကုလားပဲ၊ ကြက်ဥ၊ အမဲသား၊ ဝက်သား၊ ကြက်သား၊ ချဉ်ပေါင်၊ ကန်စွန်းရွက်၊ မုန်ညှင်းနှင့် ငရုပ်သီးစိမ်း စသည့်အခြေခံစား သောက်ကုန်များအပြင် ဟားခါးတပ်နယ်မှ တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသော အသား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို ဒေသပေါက်စျေးထက် သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းဖြစ်သည်။

 “အခုလို သက်သာတဲ့စျေးနှုန်းနဲ့ ရောင်းချပေးတာ ကျေးဇူးတင်ပါတယ်။ ပြင်ပစျေးတွေမှာ ဆန်(၂) ပြည်ဝယ်မယ်ဆိုရင် ၆၂၅၀/−လေ၊။ အခု ၅၀၀၀/− နဲ့ဝယ်ရတော့ ၁၂၅၀/− သက်သာတာပေါ့။ ၁၂၅၀/− ဆိုတာ ကျွန်မတို့အတွက် အင်မတန် တန်ဖိုးရှိပါတယ်” ဟု စျေးလာဝယ်နေသည့် အိမ်ရှင်မတစ်ဦးက ပြောကြားသည်။ 

ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများနှင့် လတ်တလောဖြစ်ပေါ်နေသည့် ကုန်စျေးနှုန်း မြှင့်တက်မှုများကြောင့် အခက်အခဲဖြစ်နေသော အခြေခံလူတန်းစားများ၏ စားသောက်မှု အထောက်အကူဖြစ်စေရန်အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့မှ ယခုကဲ့သို့ အခြေခံစားသောက်ကုန်များ ပြင်ပပေါက်စျေးထက် သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးခြင်း ဖြစ်သည်။

ယနေ့ ပြုလုပ်သည့် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာဖြင့် ရောင်ချပေးနေမှုအခြေ အနေကို စစ်ဗျူဟာအခြေချ (ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်း၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဟားခါးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)