ချောင်းဦးမြို့နယ်၌ ကြက်သွန်နီများ လှိုင်လှိုင်ပေါပြီး စျေးကောင်းရရှိ

ချောင်းဦး မတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် ကြက်သွန်နီများ လှိုင်လှိုင်ပေါ်ပြီး တောင်သူများ စျေးကောင်း ရရှိကာ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ချောင်းဦးမြို့နယ်ရှိ သီးနှံစိုက်တောင်သူများသည် သီးနှံမျိုးစုံအား စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယမန်နှစ်က ကြက်သွန်နီ စျေးကောင်းရရှိပြီး အမြတ်များခဲ့သောကြောင့် ယခုနှစ်တွင်လည်း စိုက်ပျိုးသူ များပြားခဲ့ကြောင်း သိရသည်။ ချောင်းဦးတောင်၊ ချောင်းဦးမြောက်၊ နွယ်ခွေ၊ ဘူတာ၊ ပဲပြစ်တော၊ ရွာတော်လေး၊ သုံးပန်လှ၊ ရွှေလှေ စသည့်ကျေးရွာ များတွင် အများဆုံးစိုက်ပျိုးကြပြီး ကျန်ကျေးရွာများတွင် တပိုင်တနိုင် စိုက်ပျိုးကြကြောင်း သိရသည်။ တစ်ဧကလျှင် ကြက်သွန်နီ ပိသာချိန် ၅၀၀၀ မှ ၆၀၀၀ အထိထွက်ရှိကြောင်း၊ တဧကလျှင် ကြက်သွန်နီမျိုးစေ့ ၅ပြည်ခန့်၊ ကွန်ပေါင်း မြေသြဇာ၊ မြေခံနွားချေး၊ ရေ၆ကြိမ်ခန့်သွင်းခ၊ ပိုးသတ်ဆေးဖြန်းခ၊ စိုက်ခ၊ နှုတ်သိမ်းခ ကုန်ကျငွေနှုတ်ပြီး ကျပ်သိန်း ၂၀ ခန့် အမြတ်ကျန်ကြောင်း ရွာတော်လေးကျေးရွာ ကြက်သွန်နီ စိုက် တောင်သူတစ်ဦးထံမှ သိရသည်။

ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှလည်း တောင်သူများအား ဓာတုလျော့ချသုံးစွဲနိုင်ရေး ပညာပေးခြင်း၊ ကိုယ်တိုင် ပြုလုပ်သုံးစွဲနိုင်သည့် သဘာဝပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းဆေး ပြုလုပ်သုံးစွဲနည်းများ၊ ရေကိုချွေတာသုံးစွဲသည့် နည်းပညာ Water Saving Technology ဆွေးနွေးပညာပေးခြင်း စသည့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီး တောင်သူ များအား ကူညီပေးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

ဝင်းမြင့်အောင်(ပြန်/ဆက်)